နိုင် - ကျဉ်း လွတ်မြောက်ရေး အနုပညာပြပွဲ ဖွင့်လှစ်
2015.06.08

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူ ကျောင်းသူ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် အကြမ်းမဖက်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အနုပညာပြပွဲကို ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် ရည်ရွယ်ပြီး ဒီပြပွဲကို ကျင်းပတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
"ကျနော်က အနုပညာကို မြတ်နိုးတယ်ဆိုတော့ အနုပညာသမားတွေကို မေတ္တာရပ်ခံပြီးတော့ ပန်းချီတွေတောင်း တယ်၊ ဒါနဲ့ပတ်သက်ပြီး ပန်းချီတွေဆွဲပေးပါ၊ ကဗျာတွေတောင်းတယ်၊ ဓါတ်ပုံတွေတောင်းတယ်၊ နောက်ပြီးတော့ ကာတွန်းတွေတောင်းတယ်ပေါ့၊ အဲ့ဒီလေးမျိုးနဲ့ သူတို့ရဲ့ပေးဆပ်မှုတွေ၊ သူတို့ရဲ့တိုက်ပွဲဝင်ခဲ့ရတာတွေ၊ နစ်နာ မှုတွေ သူတို့ရဲ့ချီတက်ခဲ့တဲ့ လမ်းကြောင်းတွေကိုပေ့ါ၊ အဲ့ဒါအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုတယ်၊ အဲဒီ့ မှာကျောင်းသားချည်းပဲမကဘူး၊ ဝန်းရံတဲ့ပြည်သူတွေလည်းပါတယ်၊ တခြားသောနစ်နာဆုံးရှုံးမှုအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ တခြားပုဂ္ဂိုလ်တွေလည်း အားလုံးပါမယ်၊ နိုင်ငံသားတိုင်းဟာ အကြောင်းအရာကိုယ်စီနဲ့ သူတို့ရဲ့နစ်နာဆုံးရှုံးမှုတွေကို တိုက်ပွဲဝင်ရင်းနဲ့ အကျဉ်းထောင်ထဲရောက်နေကြတဲ့ အကျဉ်းသား အချုပ်သား အားလုံးအတွက်ပါပါတယ်"
ဒီပြပွဲမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ လက်ရေးမူတွေ၊ ဒေါ်နော်အုံးလှ၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ကိုထင်ကျော် စတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ဓာတ်ပုံတွေနဲ့ လက်ပံ တန်းကျောင်းသား သပိတ်စစ်ကြောင်းမှာ သတင်းရယူခဲ့တဲ့ သတင်းထောက်တွေရဲ့ မှတ်တမ်းဓါတ်ပုံ စုစုပေါင်း ၂၀ လောက်ကိုလည်း ပြသထားပါတယ်။
လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀ နီးပါးရှိပြီး တရားရင်ဆိုင်နေရသူ ၅၀၀ ကျော်လောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖဲ့ွ AAPP က ထုတ်ပြန်ထားပါတယ်။ အဲဒီပြပွဲကို ဒီနေ့ကနေ ၁၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။
ပြပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လူထုဆက်ဆံရေးတာဝန်ခံ ကိုဂျင်မီကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။