နိုင်ငံရေးအကျဉ်းသား ကိုအောင်ချိုဦး ဆေးရုံမှာ ဝေဒနာ ခံစားနေရ

အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်ချိုဦး (ခေါ်) ကိုယူနွတ်ကို အင်းစိန်ထောင် ဆရာဝန်ကြီးက မေ့ဆေး ထုံဆေး မပေးဘဲ ဆီးကျိတ်ခွဲခဲ့ပြီး သွေးလွန်လာမှ အင်းစိန်ဆေးရုံကို ပို့လိုက်ကြောင်းနဲ့ ခွဲစိတ်ဒဏ်ရာကို ချုပ်မပေးတဲ့ အတွက် ဝေဒနာ အပြင်းအထန် ခံစားနေရကြောင်း သိရပါတယ်၊

2011.11.30
insein_prison_gate_305_z.jpg နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အင်းစိန်ထောင် ဆရာဝန်ကြီးက သာမန် လူနာတွေ စစ်ဆေးတဲ့ နေရာမှာ မေ့ဆေး၊ ထုံဆေးမပေးဘဲ ကိုအောင်ချိုဦးကို ခွဲစိတ်ခဲ့ကြောင်း သူ့ကို တွေ့ဆုံခဲ့တဲ့ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့ဝင် ဒေါ်ခင်ဝင်းကြည်က ပြောပါတယ်။

လာမယ့် ဒီဇင်ဘာ ၅ ရက်မှာ ခွဲစိတ် ကုသမှု ခံယူမယ့် နိုင်ငံရေး အကျဉ်းသား သံဃာတော် ဦးတိလောက၊ လူအမည် ဦးနိုင်လင်းဦးကို အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့က ယမန်နေ့ ညနေက ဆေးရုံကို သွားရောက် တွေ့ဆုံစဉ်မှာ ကိုအောင်ချိုဦးနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

မနေ့ကအထိ ခွဲစိတ်ဒဏ်ရာကို ပြန်ချုပ်ပေးခြင်း မရှိတဲ့ အတွက် အနာက ရောင်ရမ်း ကိုက်ခဲနေကြောင်း၊ နောက်ရက်မှာ တာဝန်ကျ ဆရာဝန်တွေက လာရောက် မေးမြန်းကြတဲ့အခါ မသက်သာကြောင်း ပြောပေမယ့် ခွဲစိတ် ဒဏ်ရာကို ဆေးသာ အုံထားပေးကြောင်း သိရပါတယ်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF အဖွဲ့ဝင် ကိုအောင်ချိုဦးရဲ့ အခြေအနေနဲ့ပတ်သက်လို့ အာရ်အက်ဖ်အေက အင်းစိန်ဆေးရုံကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖြေဆိုသူ မရှိပါဘူး။ ဒါကြောင့် အင်းစိန်ထောင်ကို မေးမြန်တဲ့အခါမှာ တာဝန်ကျ အရာရှိက သူတို့မှာ ဌာနစိတ်တွေ များလို့ အတိအကျ မသိနိုင်တဲ့ အတွက် အင်းစိန် ဆေးရုံကိုသာ မေးမြန်းပါလို့ ပြောဆိုပါတယ်။

ကိုအောင်ချိုဦးရဲ့ ဖြစ်ရပ်မှန် အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားများ အကူအညီပေးရေး ကွန်ရက်အဖွဲ့က ကိုအောင်ဇော်ထွန်းကို အာရ်အက်ဖ်အေ အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။