နိုင်/ကျဉ်းစောင့်ရှောက်မှုစင်တာကို ကျန်းမာရေးဝန်ကြီးဌာန ကူမည်
2018.02.03

နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက် စောင့်ရှောက်မှုပေးမယ့် နိုင်ငံရေးအကျဉ်း သားများ ကျန်းမာရေးစောင့်ရှောက်မှု စင်တာအတွက် လိုအပ်တဲ့ဆေးဝါးတွေနဲ့ ဆေးရုံတက်ရောက်ဖို့ လိုအပ် သူတွေ အစိုးရဆေးရုံမှာ တက်ရောက်ကုသနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ကူညီချိတ်ဆက်ပေး မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ဒီနေ့ ပြောပါတယ်။
ရန်ကုန်မြို့၊ ဒဂုံမြို့နယ် အရှေ့ပိုင်းမြို့နယ် ၆ ရပ်ကွက် ခါတော်မှီ ၁ လမ်းမှာ ဒီနေ့ ဖွင့်လှစ်တဲ့ နိုင်ငံရေးအကျဉ်းသား များ ကျန်းမာရေးစောင့်ရှောက်မူစင်တာ ဖွင့်ပွဲမှာ ဒေါ်ဖြူဖြူသင်းက ပြောခဲ့တာဖြစ်ပါတယ်။
"ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့တဲ့အခါမှာ ကျမတို့ ဒါတွေ ဆောင်ရွက်နေတယ်လို့ ပြောတယ်။ တတ်နိုင် တဲ့ဘက်ကနေပြီးတော့ အစိုးရဘက်ကနေ လိုအပ်တဲ့ဆေးဝါးတွေ ကူညီပေးဖို့ဆိုပြီး ပြောတဲ့အခါ တ ကယ့်ကို အားတက်သရောပါပဲ။ ဒီကနေ လိုအပ်ချက်ရှိနေတဲ့ဟာတွေကို ပုံမှန် သူတို့ ကူညီပေးသွားမယ် လို့ ဆိုတဲ့ဟာကို ပြောပါတယ်။ ကျမတို့ အခု တိုင်းဒေသကြီး ကျန်းမာရေးဌာနနဲ့လည်း ချိတ်တွဲပြီးတော့ ကျမတို့ အခု ဆောင်ရွက်နေတာတွေလည်းရှိပါတယ်။ ဆေးဝါးရရှိမှုပေါ့နော်။ နောက်တစ်ခုကတော့ ကျမတို့ ဒီဆေးခန်းဆိုတဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားတွေ ခုလတ်တလောဖြစ်နေတာက ရောဂါတွေ က မျိုးစုံရှိပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း ဝန်ကြီးနဲ့ ညှိခဲ့တဲ့အခါမှာ ကျမတို့ ဒီဘက်ကနေပြီးတော့ ဆေး ရုံတွေကို ပြန်လည် လွှဲအပ်တာတွေ လုပ်မယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ပြန်လည်လွှဲအပ်လို့ ရပါတယ်။ ကျမတို့အားလုံး ပူးပေါင်းဆောင်ရွက်ပါ့မယ်ဆို ရပါတယ်ရှင့်"
ဒေါ်ဖြူဖြူသင်းဟာ နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ တည်ထောင်တဲ့ ဦးဆောင်သူ တစ်ဦးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ လွှတ်တော်မှာ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေး နဲ့ ဒေါ်ဖြူဖြူသင်းတို့ တွေ့ဆုံခဲ့ပြီး အဲဒီနိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေး စောင့်ရှောက်မှုစင်တာ အတွက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုပေါင်းကြိုးပမ်းပြီး နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
မူလ စတင်ဆောက်လုပ်ခဲ့စဉ်က အဲဒီအဆောက်အဦးကို HIV ဝေဒနာရှင်တွေအတွက် ကျန်းမာရေး စောင့်ရှောက် မှုပေးဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် နိုင်ကျဉ်းဟောင်းတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ အရေးပေါ် လိုအပ်လာတာကြောင့် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာအဖြစ် ပြောင်းလဲဖွင့်လှစ် ခဲ့တာဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီစင်တာကို တစ်ပတ်မှာ ဗုဒ္ဓဟူးနဲ့ စနေနေ့ နှစ်ရက်ဖွင့်လှစ်ပြီး ကုသဖို့စီစဉ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖွင့်ပွဲကို NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ကျဉ်းဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က အဖွဲ့ဝင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ က တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။
ဒီစင်တာမှာ အထပ်လေးထပ်ပါဝင်ပြီး နိုင်ကျဉ်းတွေကို ဆေးကုသပေးဖို့အပြင် လိုအပ်တဲ့သူတွေ ညအိပ်နားနေဖို့ အတွက်ပါ စီစဉ်ထားတယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ လက်ရှိ မျက်မှောက်ခေတ်အထိ နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းကျခဲ့တဲ့ နိုင်ကျဉ်းဟောင်း အရေအတွက် တစ်သောင်းနီးပါးရှိတယ်လို့ နိုင်ကျဉ်း ကူညီစောင့်ရှောက်ရေး အဖွဲ့တွေက ခန့်မှန်းကြပါတယ်။