မုံရွာ ရဲစခန်းအချုပ်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံး

RFA Burmese
2024.12.26
မုံရွာ ရဲစခန်းအချုပ်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံး မုံရွာ မြို့မရဲစခန်းအချုပ်တွင် LGBTတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသား သေဆုံးသူ ကိုဘုံဘုံအား တွေ့ရစဉ်။
Political Prisoners Network - Myanmar Photo

စစ်ကိုင်းတိုင်း မုံရွာမြို့မရဲစခန်းအချုပ်မှာ နိုင်ငံရေးအကျဉ်းသား အသက် ၃၃ နှစ်အရွယ် ကိုဘုံဘုံဟာ ဆေးကုသခွင့် အလုံအလောက်မရဘဲ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

သူဟာ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်တည်းက ဆေးကုသခွင့် တောင်းခဲ့ပေမဲ့ အာဏာပိုင်တွေက လုံလောက်တဲ့ ဆေးကုသခွင့် မပေးတာကြောင့် ကျောက်ကပ်ရောဂါ အပါအဝင် အတွင်းအကြောတက်တဲ့ ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားရပြီး သေဆုံးခဲ့ရတာလို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“နိုဝင်ဘာလ ဒုတိယပတ်ကတည်းက ဆေးကုသခွင့်တောင်းတယ် အချုပ်ခန်းဖြစ်တော့ ပိုဆိုးတာပေါ့ ထောင်မှာတောင်မှ မလွယ်တဲ့အခါမှာ ရဲစခန်းမှာက ဆရာဝန်လည်း မရှိတဲ့အတွက် ဆေးဝါးကုသခွင့်က မရဘူး။ ဒီဇင်ဘာလမှာမှ ပုလင်းချိတ်ပေးတာမျိုး သူတို့ လုပ်တယ်။ ဒါပေမဲ့ တကယ်ထိရောက် ကုသမှုတွေတော့ မရရှိခဲ့ဘူး”

ကိုဘုံဘုံဟာ ကျန်းမာရေးဆိုးရွားနေချိန် ဒီဇင်ဘာလ ဒုတိယပတ်မှာ ခန္ဓာကိုယ်အောက်ပိုင်းတွေ မလှုပ်နိုင်တော့သလို့ အစာမာတွေ မစားနိုင်တဲ့အထိ ကြုံခဲ့ရတာကို ကြားသိရကြောင်း သူက ပြောပါတယ်။

ကိုဘုံဘုံကို သူမကွယ်လွန်ခင် နှစ်ရက်အလို ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ မုံရွာမြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က)၊ ၅၂ (ခ) တို့နဲ့ ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

သူဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု အစောပိုင်းကာလကလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်နှစ်နှစ် ကျခံခဲ့ရပြီး အဲဒီတုန်းကတော့ မုံရွာထောင်နဲ့ မြင်းခြံထောင်တွေမှာ နေခဲ့ရတာလို့ သူ့ရဲ့ မိတ်ဆွေတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ မြင်းခြံထောင်က ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း မုံရွာမြို့မှာ ဒုတိယအကြိမ်ဖမ်းဆီးခံခဲ့ရပြီး စစ်ကြေားရေးမှာလည်း ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၄ ခုနှစ်အတွင်း အကျဉ်းထောင်တွေထဲမှာ ဆေးကုသခွင့် အလုံအလောက်မရဘဲ သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ဆယ်အထိရှိလာပြီလို့ PPNM က ဒီဇင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။