နိုင်ကျဉ်းတွေကို ကူညီပံ့ပိုးပေးဖို့မေးခွန်း တိုင်းလွှတ်တော်မှာ ပယ်ချ


2018.01.30
hlahtay-ygn-mp-622.jpg မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး ကို တွေ့ရစဉ်
Photo: RFA

ငွေကြေးမပြေလည်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေအတွက် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို လူမှုရေးအရ ကူညီပံ့ပိုးပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းကို ဒီနေ့ ပြန်လည် စတင်ကျင်းပတဲ့ ဆဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ မေးမြန်းဖို့ တင်ထားတာ ပယ်ချခံလိုက်ရတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က ပြောပါတယ်။

လွှတ်တော်ဥက္ကဌက အဲဒီမေးခွန်းကို မမေးမြန်းဖို့ ခေါ်ပြောတယ်လို့ မေးခွန်းတင်ထားတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က ပြောပါတယ်။

"ကျနော်တင်လိုက်တဲ့ မေးခွန်းကတော့ အဆင်မပြေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ မိသားစုတွေအတွက် ပညာရေး၊ ကျန်းမာရေးလိုအပ်နေတဲ့အချက်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရကနေ လူမှုရေးအရ ကူညီပံ့ပိုးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိဆို တဲ့ မေးခွန်းလေးတစ်ခုကိုတင်တာပါ၊ ကျွန်တော်တို့ လွှတ်တော်ဥက္ကဌနဲ့ တွေ့ပြီးတော့ လွှတ်တော်ဥက္ကဌ က ခဏနေပါဦးဆိုပြီးတော့ အဲဒီမေးခွန်းကို ပယ်လိုက်တယ်၊ သူတို့က အကြောင်းပြချက်တော့ မပေးဘူး။"


လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်မှာမေးမြန်းမယ့် မေးခွန်းတွေ၊ တင်ပြမယ့်အဆိုတွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ဥက္ကဌထံ ကြိုတင်ပေးပို့ကြရပြီး လွှတ်တော်ဥက္ကဌက ခွင့်ပြုမှသာ မေးမြန်း ခွင့်၊ တင်ပြခွင့်ရတာ ဖြစ်ပါတယ်။   

ဒီနေ့ စတင်ကျင်းပတဲ့ ဆဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း မေးခွန်းမေးမြန်းဖို့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေး က မေးခွန်း ၉ ခု ကြို,တင်ခဲ့တာဖြစ်ပြီး တစ်ခုပယ်ချခံရတာကြောင့် မေးခွန်း ၈ ခုသာ မေးမြန်းခွင့်ရတော့မှာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီမေးခွန်း မေးမြန်းရတာဟာ ရန်ကုန်တိုင်းအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအပေါ်မှာ ကူညီစောင့်ရှောက်ဖို့ မူတစ်ခု ရှိ၊ မရှိ ကို သိချင်တာကြောင့် မေးမြန်းဖို့စီစဉ်တာလို့လည်း ဦးလှဌေး က ပြောပါတယ်။

လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၀ ခန့် ရှိနေသေးတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။