အကျဉ်းသားစာရင်းကိစ္စ ICRC ကို ဝင်ခွင့်ပေးဖို့ ကင်တားနား တိုက်တွန်း

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်း အတိအကျ ကောက်ယူရေး အတွက် ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကို ဝင်ရောက် ဆောင်ရွက်ခွင့် ပေးဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက ဒီကနေ့ တိုက်တွန်း ပြောကြားလိုက် ပါတယ်။

2011.11.01
quintana_press_bkk_305_z.png ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား။ (Photo: RFA)
Photo: RFA

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား စာရင်း စစ်ဆေး ကောက်ယူ အတည်ပြုမှုမှာ ICRC ကို အပြည့်အ၀ ဝင်ရောက် ဆောင်ရွက်ခွင့်ပေးဖို့နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ လိုကြောင်း မစ္စတာ ကင်တားနား ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ စစ်အစိုးရဟာ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကို ၂၀၀၅ ခု နိုဝင်ဘာလက စလို့ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် ပိတ်ပင်ထားခဲ့ ပါတယ်။ မြန်မာနိုင်ငံက ထောင်တွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်း အရေအတွက် အမျိုးမျိုး ဖြစ်နေတဲ့ အတွက် ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ဖြစ်ဖြစ်၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖြစ်ဖြစ် စာရင်းကောက်ယူသင့်ကြောင်း သမ္မတ အကြံပေး အဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က RFA ကို မနေ့က ပြောခဲ့ပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၃၀၀ လောက်ပဲ ကျန်တော့တယ်လို့ ဦးသိန်းစိန် အစိုးရက ပြောပေမယ့် ပြည်တွင်းပြည်ပ အဖွဲ့အစည်း အများစုရဲ့ စာရင်းအရ မြန်မာနိုင်ငံ တစ်လွှားက အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား အရေအတွက်က အနည်းဆုံး တစ်ထောင် အထက်မှာ ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရမယ် ဆိုပြီး ဦးသိန်းစိန် အစိုးရအပေါ် ဖိအားပေး တိုက်တွန်းမှုတွေ ပြင်းထန်လာလေလေ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက်ရှိသလဲ ဆိုတဲ့မေးခွန်းက ပိုပြီး အရေးပါလာလေလေ ဖြစ်နေပါတယ်။

အစိုးရဘက်က ပြောဆိုတဲ့စာရင်း၊ ထိုင်းနိုင်ငံ အခြေစိုက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက ပြုစုကောက်ယူထားတဲ့ စာရင်း အပါအဝင် မြန်မာနိုင်ငံမှာ လောလောဆယ် နိုင်ငံရေး အကျဉ်းသား စာရင်းက အနည်းဆုံး လေးမျိုးလောက် ကွဲနေပါတယ်။

အခုလို အငြင်းပွားစရာ ဖြစ်နေတဲ့ နိုင်ငံရေး အကျဉ်းသားဦးရေ ပြဿနာနဲ့ ပတ်သက်လို့ အာရ်အက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
တစ်ဆက်တည်းမှာပဲ နိုင်ငံရေး အကျဉ်းသား စာရင်းကောက်ယူ အတည်ပြုရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-01 17:29

ဘီဘီစီကို Like မလုပ်ရေး....... ဒို့အရေး။ မဟုတ်မမှန်သော သတင်းတွေ ရေးသား ထုတ်လွှင့်နေတဲ့ ဘီဘီစီကို နားမထောင်ရေး....... ဒို့အရေး။ ရခိုင်ညီအစ်ကိုများနှင့်တကွ... ပြည်သူများအား ကျေနပ်သည်အထိ ဘီဘီစီမှ တောင်းပန်ရေး...... ဒို့အရေး