အစာငတ်ခံ ဆန္ဒြ့ပသူ နိုင်ငံရေး အကျဉ်းသား ၂ ဦး ဆေးရုံတင်လိုက်ရ
2011.10.31

(Map: AAPP)
အကျဉ်းသား ခံစားခွင့်တွေ အတွက် အောက်တိုဘာလ ၂၆ ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးထဲက ၂ ဦး ကျန်းမာရေး ချွတ်ယွင်း လာတဲ့အတွက် မနေ့က ထောင်ဆေးရုံကို ပို့လိုက်ကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစု ကွန်ယက်က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။
ဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ဆဲ ဖြစ်တဲ့အပြင် အစားအသောက် ပို့ဆောင်ခွင့်ပါ ပိတ်ထားတယ်လို့လည်း စနေနေ့က ထောင်ဝင်စာ သွားတွေ့သူ တစ်ဦးက ပြောပါတယ်။
ဆန္ဒပြချိန် ၄၈ နာရီ မပြည့်ခင် အာဏာပိုင်တွေက ရေဖြတ်လိုက်ပြီး တဆက်တည်း
ထောင်ဝင်စာ ပိတ်ပင်ခဲ့တာပါ။
ဆန္ဒပြသူတွေရဲ့ တရားမျှတစွာ တောင်းဆိုချက်ကို လိုက်လျောဖို့နဲ့ ပျော့ပျော့ ပြောင်းပြောင်း ကိုင်တွယ် ဖြေရှင်းပေးဖို့ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်အဖွဲ့က တောင်းဆိုထား ပါတယ်။
အစာငတ်ခံ ဆန္ဒပြသူတွေကို ထောက်ခံကြောင်း၊ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ လိုကြောင်း အပြင်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုများနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေက စာတစ်စောင် ထုတ်ပြန်ပြီး လက်မှတ် ရေးထိုးတဲ့ လှုပ်ရှားမှုကို ဆောင်ရွက်နေပါတယ်။
အဲဒီလက်မှတ်တွေကို ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး ကော်မရှင်ထံ တင်ပြ တောင်းဆိုသွားမယ်လို့ သိရပါတယ်။