AA ပြန်လွှတ်ပေးတဲ့ ရေယာဉ်ပေါ်က ဝန်ထမ်းတွေကို ရဲက စစ်ဆေးနေ


2019.10.29
shwenadi-622.jpg စစ်တွေကနေ ဘူးသီးတောင်မြို့ကို ထွက်ခွာလာတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို ၂ဝ၁၉ အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးမှာ တွေ့ရစဉ်
Photo: San Myat Shwe

ဘူးသီးတောင်မြို့နယ်မှာ ရွှေနဒီ ရှပ်ပြေးရေယာဉ်ပေါ်က ရဲနဲ့ တပ်မတော်သားတချို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်အပြီးမှာ  ရေယာဉ်လိုင်းတာဝန်ခံ အပါအဝင် ဝန်ထမ်းရှစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

တပ်မတော်သား၊ ရဲနဲ့ အခြားဝန်ထမ်း ၅၀ ကျော် လိုက်ပါလာတဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ခရီးစဉ်ကို   AA က မေယုမြစ် လမ်းခုလတ်မှာ ရပ်တန့်စေတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ဆေးအရေးယူခံနေရတာဖြစ်တယ်လို့  ရေယာဉ် ဝန်ထမ်းတွေက ရှင်းပြကြောင်း  NLD ပါတီ ဘူးသီးတောင် ဥက္ကဋ္ဌ ဦးရဲသိန်း က ပြောပြပါတယ်။

AA က လူ ၅ဝ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်ခရီးသည်တွေနဲ့ ရေယာဉ်ကို ပြန်လွှတ်ပေးခဲ့တာပါ။

ဖမ်းဆီးခံထားရတဲ့ ရေယာဉ်လုပ်သားတွေကို ဘူးသီးတောင်မြို့နယ် တရားရုံးမှာ ဒီနေ့ ရမန်ယူဖို့ ရုံးထုတ်လာချိန်မှာ  စကားပြောဖြစ်တယ်လို့ ဦးရဲသိန်းက RFA ကို ပြောပါတယ်။

ဒီမတိုင်ခင်မှာ ရှပ်ပြေးယာဉ်လိုင်းတာဝန်ခံနဲ့ လုပ်သား ခုနှစ်ဦးကို ဘူးသီးတောင်မြို့မစခန်းမှာ သုံးရက်ကြာစစ်ဆေး ပြီးဖြစ်ပေမယ့်၊ အောင်မင်္ဂလာ နယ်ခြားစောင့်စခန်းမှာ ဆက်လက်စစ်ဆေးဖို့အတွက် ရမန်ကြီးတပတ် (၁၅ ရက်) ရုံးထုတ်ယူခဲ့ကြောင်း သူက ဆက်ပြောပါတယ်။ လတ်တလောမှာ အမှုအမျိုးအစား မသိရှိရသေးကြောင်းနဲ့ စေတီပြင် နယ်ခြားစောင့်စခန်းက တရားလိုပြုတိုင်တန်းတယ်လို့ သိရကြောင်း ပြောပါတယ်။

တပ်မတော်သား၊ ရဲနဲ့ အခြားဝန်ထမ်းတွေကို AA ဖမ်းဆီးတဲ့ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ယာဉ်လုပ်သားတွေကို မေးမြန်းတဲ့ အခါမှာ AA တပ်ဖွဲ့ဝင်တွေက ငှက်ပျောဖူးနဲ့တူတဲ့ လက်နက်ကြီး RPG နဲ့ ချိန်ထားကြောင်း၊ စက်လှေပေါ်မှာ သေနတ် ကိုင်ထားတဲ့ AA တပ်ဖွဲ့ဝင် သုံးဦးလည်း ပါကြောင်းနဲ့ ကမ်းကပ်ဖို့ သေနတ်အချက် ၂၀ ဝန်းကျင် ပစ်ဖောက်ခေါ်ယူ ခဲ့ခြင်းဖြစ်ကြောင်း ဦးရဲသိန်းက ပြန်ပြောင်းပြောပြပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းကလည်း ရွှေနဒီယာဉ် လိုင်းပိုင်ရှင် ဦးရွှေသိန်းအပါအဝင်၊ ယာဉ်လုပ်သား ခုနှစ်ဦးဟာ ဖမ်းဆီးစစ်ဆေးခံနေရတာရှိတယ်လို့ RFA ကို ပြောပါတယ်။ လတ်တလောမှာ သံသယနဲ့ ဖမ်းထားတာဖြစ်ပြီး ပုဒ်မ အမျိုးအစား တပ်ထားခြင်းမရှိသေးဘူးလို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းတဲ့အခါ ယာဉ်လိုင်းကိစ္စကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကသာ သိရှိနိုင်မယ်လို့ပြောပါတယ်။ RFA အနေနဲ့ အောင်မင်္ဂလာနယ်ခြားစောင့်စခန်းကို ဒီညနေအထိ ဆက် သွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။ အောက်တိုဘာလ ၂၈ ရက်နေ့က တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ သတင်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ရွှေနဒီအမြန်ရေယာဉ်လိုင်းကို စစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။

AA အဖွဲ့ကတော့  သူတို့ ဖမ်းလာသူတွေနဲ့  AA တပ်ဖွဲ့ဝင်တွေဟာ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး ဥပဒေနဲ့ ငြိစွန်းမှုမရှိရင် ပြန်လွှတ်ပေးသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။