၅၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ


2016.10.01
police-52anniversary-620.jpg ၅၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ အောက်တိုဘာလ ၁ ရက်နေ့ကကျင်းပစဉ်
Photo: Win Ko Ko Latt/RFA

အကြမ်းဖက်မှုအပါအဝင် မှုခင်းအမျိုးမျိုးကို ထိန်းချုပ်နိုင်ဖို့အတွက် တရားစီရင်ရေးစနစ်အပေါ်မှာသာ မှီခိုအားထားခြင်းမပြုဘဲ ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင်ရရှိရေး ကဏ္ဍပေါင်းစုံတို့က ပူးပေါင်းဖို့ လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၅၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည် အခမ်းအနားမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေက မှုခင်းအမျိုးမျိုးဟာ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ပြဿနာတွေ နဲ့ ဆက်နွယ်နေတာကြောင့် တရားစီရင်ရေးစနစ်ပေါ်မှာပဲ အားမထားဖို့ ပြောခဲ့တာဖြစ်ပါတယ်။

"အကြမ်းဖက်မှုများအပါအဝင်၊ မျိုးစုံသောမှုခင်းများကို ထိန်းချုပ်ဖို့ကြိုးပမ်းရာမှ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ တရားစီရင်ရေးတို့အပေါ်မှာ မှီခိုအားထားခြင်းမပြုဘဲ၊ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးကဏ္ဍအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ အိုးအိမ်နေရာချထားရေးနဲ့ အလုပ်အကိုင်ရှာဖွေရေးကဏ္ဍများ စတဲ့ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ရာမှာ အရေးကြီးလှပါတယ်"

မူးယစ်ဆေးဝါးပြဿနာဟာ နိုင်ငံတော်အဆင့် ဖြေရှင်းရမယ့် ပြဿနာဖြစ်နေပြီး မူးယစ်ဆေးဝါး မူဝါဒရေးဆွဲရာမှာ စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကိုလည်း အလေးထားစဉ်းစားရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းကလည်း လူမှုကွန်ရက်တွေကတဆင့် လူတစ်ဦးတစ်ယောက် ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်တာတွေ၊ ငွေကြေးတောင်းခံတာတွေ ကျူးလွန်လာကြသလို ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို မှုခင်းသားကောင်အဖြစ် ပစ်မှတ်ထားလာတာကို တေ့ွရတယ်လို့ အခမ်းအနားမှာ ပြောပါတယ်။

အဲဒီအခမ်းအနားမှာ အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူ မိန်းကလေး နှစ်ဦး နှိပ်စက်ညှဉ်းပန်းခံရတဲ့ ကိစ္စကို ဖော် ထုတ်ရေးသားခဲ့တဲ့ Myanmar Now သတင်းဌာနက သတင်းထောက်ချုပ် ကိုဆွေဝင်း အပါအဝင် အရပ်သားတချို့နဲ့ ရဲတပ်ဖွဲ့ဝင်အချို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

အခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့  ရဲတပ်ဖွဲ့က အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။