အကျင့်ပျက်ခြစားမှုတွေ ရှောင်ရှားဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ပြော


2018.10.01
nyipu-622 ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကို ၂၀၁၈၊ အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပတဲ့ ၅၄ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အကျင့်ပျက်ခြစားမှုတွေ ရှောင်ရှားဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ပြုလုပ်တဲ့ ၅၄ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ပြည်သူလူထုမှာ ပြည်သူလုထုရဲ့အမြင်၊ ရှိသင့်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကောင်းတာ မကဘဲနဲ့ နိုင်ငံတော်ရဲ့ ပုံရိပ်ကိုပါ ကြီးမားစွာ ထိခိုက်စေတာဖြစ်ပါတယ်။ ဒါကို အထူးသတိပြု ဆောင်ရွက်ကြဖို့လိုပါတယ်။ ဒါကြောင့်မိုလို့ အကျင့်ပျက် ခြစားမှု မှန်သမျှကို မိမိတို့ ကိုယ်တိုင် ကျူးလွန်ခြင်း မပြုရုံသာမကဘဲနဲ့ ပြင်းထန်စွာ ဆန့်ကျင်ဆောင်ရွက်သွားကြဖို့လည်း လိုအပ်ပါတယ်"

မှုခင်းဒဏ်ခံရသူတွေကို ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့၊ ရဲလုပ်ငန်းတွေ အကောင်အထည်ဆောင်ရွက်ရာမှာ ဥပဒေက ပေးထားတဲ့အကာအကွယ်အတိုင်း ဆောင်ရွက်ကြဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းရေးဆောင်ရွက်ရာမှာ ပြည်တွင်းဥပဒေတွေ နဲ့ ကျင့်ဝတ်တွေအပြင် လူ့အခွင့်အရေး၊ နိုင်ငံတကာစံချိန်စံညွှန်းတွေ၊ ဒီမိုကရေစီမူဘောင်နဲ့ လျော်ညီအောင် ကြိုးပမ်းကြဖို့ကိုလည်း ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ်မှာ အများပြည်သူ ယုံကြည်ကိုးစားလာနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေနဲ့ ဆက်ဆံပြောဆိုပုံတွေကိုလည်း ပြောင်းလဲဖို့ လိုအပ်တဲ့အပြင် ရဲလုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိတဲ့အမှုပေါင်း ၁၂၀ ကျော်အထိရှိခဲ့ပြီး အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိတော့ မူးယစ်ဆေးဝါး အမှုပေါင်း ၁၅၀ ကျော်အထိ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဦးညီပု က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက် ခြစားမှု အခြေအနေတွေကို အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန် ထားတဲ့ အချက်အလက်တွေမရှိသလို လူမှုအဖွဲ့အစည်းတွေကလည်း အကျင့်ပျက် ခြစားမှုတွေနဲ့ ပတ်သက်လို့ စာရင်းတွေ ထုတ်ပြန်ထားတာမရှိပါဘူ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။