ရဲတပ်သားများ ထိုးကြိတ်မှု အရေးယူပေးဖို့ တောင်းဆို


2014.08.23

ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ဒေသခံတွေရဲ့ နစ်နာချက်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကယန်းမျိုးဆက်သစ်လူငယ် KNGY ရဲ့ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ခွန်းနိုင်လင်းထွန်းကို ပင်လောင်းမြို့နယ် ဖိုကုန်းရွာမှာ ရဲတပ်ဖွဲ့ဝင်တွေက ထိုးကြိတ်ခဲ့ကြောင်း ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ မြို့တော်ခန်းမမှာ ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ ဥက္ကဌ ခွန်းဘီထူးက RFA ကို အခုလို ပြောပါတယ်။

"လူငယ်တွေကို အာဏာရှိတဲ့လူတွေက ပြုကျင့်ချင်သလို ပြုကျင့်လို့ရတယ်၊ ဘယ်သူမှမသိပါဘူး၊ မင်းဘာကောင်မို့လို့လဲ အဲ့လိုမျိုးတွေ မေးမြန်းထားတာမျိုးတွေရှိပါတယ်၊ ဆဲဆိုထားတာတွေရှိတယ်ဆိုတော့ အဲဒါက အာဏာအလွဲသုံးစားချင်တယ်ပေါ့၊ နောက်ဒေသခံလူထုတွေကို ဖိနှိပ်ချင်တဲ့သဘောပါ၊ အထူးသဖြင့် ပေါင်းလောင်းဆည်ကိစ္စကြောင့်မို့ လှုပ်ရှားတက်ကြွနေတဲ့ လူငယ်တချို့ကို မိုက်မိုက်ရိုင်းရိုင်းနဲ့ ဆုံးမတဲ့ကိစ္စမျိုးတွေ မတရားပြုကျင်းတဲ့ကိစ္စမျိုးတွေ ဖြစ်နေတယ်လို့ ကျနော်တို့က သုံးသပ်မိတယ်"

ခွန်းနိုင်လင်းထွန်းကို ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့အတွက် ယဉ်ထိန်းရဲက တားဆီးပြောဆိုခဲ့ရာကနေ အခြေအတင်စကားများခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၇ ဦးလောက်က ထိုးကြိတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အရေးယူပေးဖို့ တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။