လက်ပံတောင်းမှာ တောင်သူတွေ ကို ရဲ ၅၀၀ လောက် ပိတ်ဆို့
2014.05.31
လျော်ကြေးယူမထားတဲ့ မြေယာတွေပေါ်မှာ ဒီကနေ့ ထွန်ယက်ဖို့အသွား ရဲတပ်ဖွဲ့အင်အား ၅၀၀ လောက်ရဲ့ တားဆီးမှုခံခဲ့ရတယ်လို့ လက်ပံတောင်းဒေသခံတွေက ပြောပါတယ်။
လက်ပံတောင်းတောင်ဒေသမှာ မြေယာလျော်ကြေးယူမထားတဲ့ ဆည်တဲနဲ့ မိုးကြိုးပြင်ရွာက တောင်သူ ၃၇ ဦးပိုင်မြေ ၂၅၀ ဧကကို ဝမ်ပေါင်ကုမ္ပဏီက သံဆူးကြိုးခတ်ထားတာ ဖြစ်ပါတယ်။ ဒီမြေတွေကိစ္စကို အာဏာပိုင်တွေက ညှိနှိုင်းပေးမယ်လို့ ကတိပေးထားပေမယ့် ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ခြံစည်းရိုးခတ်ထားတဲ့ မြေတွေပေါ်မှာ ထွန်ယက်ခွင့်အတွက် မေလ ၂၇ ရက်နေ့က အာဏာပိုင်တွေထံစာပို့ခဲ့ပြီး ဒေသခံ၃၀ကျော် မနေ့ကနဲ့ ဒီကနေ့ သွားရောက်ခဲ့ပါတယ်။ ဒီကနေ့မနက်က ကြုံတွေ့ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆည်တဲရွာသူ မရီရီဝင်းက ခုလိုပြောပါတယ်။
"ဒီနေ့ကျတော့လည်း ကျမတို့ကလာမယ်လို့ သူတို့ကို ပြောထားခဲ့တဲ့အခါကျတော့ သူတို့ဘက်က အကြံအစည်တွေနဲ့ လာပြီးတော့ ကျမတို့ဒေသခံတွေက အရမ်းဝင်လိုက်လို့ရှိရင် သူတို့ကလက်နက်အားကိုးနဲ့ ကျမတို့ကိုပစ်မှာ ခြိမ်းခြောက်မှာပဲ၊ အခုလည်း သေနတ်ကြီးတွေနဲ့ ထောင်ထားတယ်၊ ရဲကားတွေက အများကြီးပဲ၊ မီးသတ်ကားတွေရော"
ခုလိုရဲတပ်ဖွဲ့နဲ့ တားဆီးတာဟာ မဖြစ်သင့်တာမဖြစ်ရအောင် ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ယင်းမာပင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က ပြောပါတယ်။ ဒေသခံတွေကတော့ ဒီကိစ္စကို တနင်္လာနေ့မှာ ဆက်ဆံရေးရုံးမှာ ဆွေးနွေးရှင်းလင်းဖို့ရှိတယ်လို့ RFA ကိုပြောပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်ရဲ့ ဆက်သွယ်မေးမြန်းချက်တင်ပြချက်ကို နားဆင်နိုင်ပါတယ်။