ပုဂံကနေ နေပြည်တော်ကို ချီတက်တောင်းဆိုဖို့သွားတဲ့ အလုပ်သမားသပိတ်စစ်ကြောင်းကို ညောင်ဦးမြို့အထွက် ကျောက်ကူးကွေ့အနီးမှာ ဒီနေ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ၁၃ ဦးကို ဖမ်းဆီးကာ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့တရားစွဲဆိုလိုက်ပါတယ်။
ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေ၊ အလုပ်သမားတွေထဲက ၁၃ ဦးကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ကျ အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
အဲဒီအလုပ်သမားသမား သပိတ်စစ်ကြောင်းမှာ သရပါဟိုတယ်က အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ၊ ဗကသ ကျောင်းသားတွေ၊ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံ၊ ပါဝါဓာတ်ခဲနဲ့ မီကိုကော်ဖီမစ် စက်ရုံက အလုပ်ထုတ်ခံ အလုပ်သမားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီအလုပ်သမားသပိတ်စစ်ကြောင်းကို ညောင်ဦးမြို့အထွက် ကျောက်ကူးကွေ့အနီးမှာ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သရပါဟိုတယ်အလုပ်ထုတ်ခံ အလုပ်သမားခေါင်းဆောင် ကိုနေမျိုးဝင်း ကပြောပါတယ်။
"ရှင်းပေးနိုင်တဲ့လူ ပုဂံညောင်ဦးမှာ မရှိတော့ဘူးလေ၊ ဘယ်အစိုးရမှလည်း ရှင်းမပေးဘူး၊ ဘယ်လူကြီးမှလည်း ရှင်းမပေးဘူး၊ အဲတော့ကျနော်တို့က ရှင်းပေးနိုင်တဲ့နေရာကို အလုပ်သမားတွေက ချီတတ်ရမှာပေါ့၊ မနက် ၆ နာရီ ၁၅ မိနစ်မှာ သရပါဟိုတယ်ကနေ နေပြည်တော်ကို လူ၅၀ကျော်နဲ့ ချီတက်တယ်၊ ကျောက်ဂူဥမှင်နားကျတော့ ရဲအင်အားတွေနဲ့ တားတယ်၊ တားရင်းနဲ့ အဖမ်းခံလိုက်ရတယ်"
ဖမ်းဆီးခံရတဲ့ ကျောင်းသာတွေ၊ အလုပ်သမားတွေထဲက ၁၃ ဦးကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ကျအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
"ငြိမ်းစုစီဥပဒေ ပုဒ်မ၁၉နဲ့ အမှုဖွင့်ထားပါတယ်ခင်ဗျ လောလောဆယ်တော့ တရားရုံးမှာ စီစစ်ဆဲပါ"
ဒီအဖမ်းဆီးခံရတဲ့ ၁၃ ဦးထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂက ကျောင်းသား ၃ ဦး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂက တစ်ဦး၊ မန္တလေးကနေ လာရောက်ပူးပေါင်းတဲ့ အလုပ်သမား ၅ဦးနဲ့ သရပါဟိုတယ် အလုပ်ထုတ်ခံအလုပ်သမားတွေထဲက ၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။
အဖမ်းဆီးခံအလုပ်သမားတွေကို မနက်ပိုင်းကနေ ညနေပိုင်းရုံးထုတ်ချိန်အထိ အာဏာပိုင်တွေက တွေခွင့်မပေးသေး ဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဒီဖမ်းဆီးခံအလုပ်သမားတွေ ကျောင်းသားတွေကို အခုချိန်တွေ့ခွင့်မပေးတာကြောင့် နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ဟိုတယ်ချစ်သူ မြိုနယ်အလုပ်သမားအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းရွှေက ပြောပါတယ်။
"ရဲစခန်းမှာလည်း တွေ့ခွင့်မပေးဘူး၊ တရားရုံးမှာလည်း တံခါးပေါက်တွေ ပိတ်ထားတယ်၊ အထဲကိုဝင်ခွင့်မရဘူး၊ ကျနော်တို့ ဒီအလုပ်သမားတွေနဲ့တွေ့ဖို့ ဘယ်ပုဒ်မတွေနဲ့ ဘယ်လို လုပ်ထားတယ်ဆိုတာ ကျနော်တို့မသိရဘူး၊ နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေတယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ခံစားရတယ်၊ ပြီးတော့ ကျနော် တို့ အလုပ်သမားတွေဆိုတာက သူခိုးတွေလည်းမဟုတ်ဘူး၊ ဓားပြမှုလည်းမဟုတ်ဘူး၊ မုဒိန်းမှုလည်းမဟုတ်ဘူး၊ အလုပ်သမားအချင်းချင်းတွေ့ဖို့ရာကို တွေ့ခွင့်မရှိဘူးဆိုတာက လူ့အခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ အတူတူပဲ"
သရပါဟိုတယ်မှ အလုပ်ထုတ်ခံအလုပ်သမားတွေဟာ အလုပ်ထုတ်ခံအလုပ်သမားတွေ ပြန်လည်ခန့်ထားပေးရေး အတွက် သပိတ်စခန်းစခန်းဖွင့် တောင်းဆိုနေတာဖြစ်ပြီး ရက်ပေါင်း ၆၀ ပြည့်တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ဖြိုခွဲခံလိုက်ရပါတယ်။
အခုလို အလုပ်သမားသပိတ်စစ်ကြောင်းကို အကြမ်းဖမ်ဖြိုခွင်းခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အဖိနှိပ်ခံအလုပ်သမားတွေကို ဝန်းရံခဲ့ပြီး အဖမ်းဆီးခံရတဲ့ ဗကသကျောင်းသား ၃ ဦးနဲ့ အလုပ်သမားတွေကို အမြန်ဆုံးပြန်လွှတ်တပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က သဘောထားထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။