ပုဂံမြို့ဟောင်း သရပါဟိုတယ်က အလုပ်ထုတ်ခံရသူတွေ ဆန္ဒပြ


2018.11.10
tharabar-workers-protest-622.jpg ပုဂံမြို့ဟောင်း သရပါဟိုတယ်မှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်ခန့်ပေးဖို့ ပုဂံမြို့သစ်မှာ ၂၀၁၈၊ နိုဝင်ဘာ ၁၀ ရက်နေ့က ဆန္ဒပြ တောင်းဆိုစဉ်
.

ပုဂံမြို့ဟောင်း သရပါဟိုတယ်က အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၂ ဦး အပါအဝင် အလုပ်သမား ၉ ဦးဟာ သူတို့ကို အလုပ်ပြန်ခန့်ပေးဖို့ ပုဂံမြို့သစ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သရပါဟိုတယ်က ဝန်ထမ်းတွေရဲ့အခြေအနေနဲ့ အလုပ်ထုတ်ခံရသူတွေ စားဝတ်နေရေးအခက်အခဲ ဖြစ်နေတာကို အစိုးရသိအောင် တောင်းဆိုတာလို့ ဆန္ဒပြအလုပ်သမား ကိုနေမျိုးဝင်းက ပြောပါတယ်။ ဆက်ပြီးတော့လည်း အလုပ်ပြန်ရတဲ့အထိ အပတ်စဉ် ဆန္ဒပြတောင်းဆိုသွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

သရပါဟိုတယ် တာဝန်ရှိသူတွေကတော့... ဧည့်သည်အလာနည်းတဲ့အတွက် ဝန်ထမ်းအင်အား လျှော့ချတဲ့အနေနဲ့ ပြီးခဲ့တဲ့သြဂုတ်လမှာ ဝန်ထမ်း ၁၂ ယောက်ကို အလုပ်ထုတ်ခဲ့တာလို့ ပြောပါတယ်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်မှာပါတဲ့ “အလုပ်ရပ်စဲခြင်း” ပြဌာန်းချက်အတိုင်း ဩဂုတ်လ ၂၄ ရက်နေ့မှာ နောက်ဆုံးလစာ၊ သတိပေးလစာ၊ လုပ်သက်နစ်နာကြေး၊ ဝန်ဆောင်မှု အခကြေးငွေ စုစုပေါင်း ကျပ်သိန်း ၁၃ဝကျော်ပေးပြီး၊ တရားဝင်အကြောင်းကြားပြီး အလုပ်ရပ်စဲခဲ့တာလို့ သရပါဟိုတယ် တာဝန်ရှိသူတွေက အောက်တိုဘာလ ၁၆ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

အလုပ်ထုတ်ခံရသူတွေထဲက ၁ဝ ယောက်ဟာ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေဖြစ်ပြီး၊ လုပ်သက်ငါးနှစ်နဲ့အထက် ရှိသူတွေဖြစ်ပါတယ်။ သူတို့ကို အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆိုနေတာ ၂ လနီးပါးရှိနေပြီဖြစ်ပြီး ပုဂံဒေသမှာ ဆန္ဒပြတာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ အဲဒီဝန်ထမ်းတွေထဲက သုံးဦးကတော့ အလုပ်ပြန်လုပ်ဖို့ ဆန္ဒမရှိတော့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း မန္တလေးမြို့အခြေစိုက် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေက အလုပ်ထုတ်ခံရသူတွေနဲ့ ပူးပေါင်းပြီး မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။