အိမ်ဝင်းထဲက လာစိုက်တဲ့ခြံစည်းရိုး ဖျက်လို့ အဖမ်းခံရ


2014.10.06
police-guards305 လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
Photo: RFA/Kyaw Htoon Naing

တပ်ပိုင်မြေဆိုပြီး နေအိမ်နဲ့ ခြံမြေတွေကနေ ဖယ်ရှားထားခိုင်းတဲ့ မေမြို့ခေါ် ပြင်ဦးလွင် မြို့နယ် ညောင်နီကျေးရွာက ရွာသားလေးဦးကို မြို့နယ်ရဲစခန်းက ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆ (၁) နဲ့ ဖမ်းဆီးချုပ်နှောင်ထား တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီအကြောင်း ညောင်နီကျေးရွာမှာနေထိုင်တဲ့ ဦးကြည်မောင်က ခုလို ပြောပြပါတယ်။

"ကျနော်တို့ရွာသား ၄ ယောက်ကို အချုပ်ထဲထည့် ထားတယ်ခင်ဗျ၊ သူ့အကွက်ထဲလာစိုက်လို့ဆိုပြီး ခြံစည်းရိုးဖျက်လိုက်တာပေါ့၊ သူတို့က ပုဒ်မ ၆(၁) နဲ့ စွဲထားတာပေါ့၊ အခုရဲကအမှုဖွင့်ပြီးတော့ ဆောက် လုပ်ရေး အင်ဂျင်နီယာတပ်ခွဲက အမှုဖွင့်တော့ ရဲကနေလာဆွဲတာ"

မေမြို့ရဲစခန်းမှာ ဖမ်းဆီးထားတာဖြစ်ပြီး ရမန်ကြီးရက်စေ့တဲ့ အောက်တိုဘာ ၁၀ ရက်မှာ ရုံးထုတ်မယ်လို့ လည်း ပြောပါတယ်။

ညောင်နီကျေးရွာဟာ အင်္ဂလိပ်လက်ထက်က မြင်းထိန်းရွာအဖြစ်တည်ရှိခဲ့ဲပြီး ကျေးရွာပိုင်မြေအဖြစ် အသိအမှတ်ပြု ထားတဲ့ ရွာဖြစ်ပါတယ်။ ရွာသားတွေဟာ သီးစားခွန်တွေကို ၂၀၁၁-၁၂ ထိ နှစ်စဉ်ပေးဆောင်နေရာက  နောက်ပိုင်း မှာ လက်မခံတော့ဘဲ အိမ်ခြေ ၂၇ လုံးနဲ့ ဥယျာဉ်ခြံမြေတွေကို တပ်ပိုင်တဲ့မြေဖြစ်တယ်ဆိုပြီး စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားဖယ်ရှားမပေးရင် ဥပဒေအရ အရေးယူမယ်လို့ အကြောင်းကြားလာပါတယ်။ တောင်သူ လယ်သမား ၂၈ ဦးကိုလည်း ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုဖို့ အမှုပြင်ဆင်ဆဲကာလအတောအတွင်း တရားရုံးက အမိန့်တစ်စုံတရာမချမှတ်ခင် သြဂုတ်လ ၁၉ ရက်မှာ ရွာသားတွေကာရံထားတဲ့ တံတိုင်းတွေ စည်းရိုးတွေကို လာရောက်ဖျက်ဆီးပြီး တပ်ကပဲ စည်းရိုးတိုင်တွေလာစိုက်တာပါ။ ဒီတိုင်တွေကို ဖျက်ဆီးမှုနဲ့ ရွာသား လေးဦး ဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။

ညောင်နီကျေးရွာမှာ အိမ်ခြေတစ်ရာလောက်ရှိပြီး ခုဖယ်ရှားခိုင်းတဲ့ အိမ်ခြံမြေတွေဟာ စစ်အစိုးရလက်ထက် ၁၉၉၉ ခုနှစ်မှာ တည်ထောင်လိုက်တဲ့ ဗိုလ်ချုပ်ရွာနဲ့ မျက်နှာချင်းဆိုင်မှာရှိပါတယ်။ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆ (၁)  အရ အခု ဖမ်းဆီးခံလိုက်ရတဲ့ ရွာသားတွေဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်ထိ ကျခံရနိုင်တဲ့အပြင် ထောင် ဒဏ်ရောငွေဒဏ်ပါ တပေါင်းတည်းလည်း ကျခံရနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။