သစ်ဖမ်းသူ ဝန်ထမ်းတွေ ထောင်ကျ
2016.07.29

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ သစ်ခိုးထုတ်သူတွေကို ဖမ်းတဲ့ ရယက နဲ့ ရဲဝန်ထမ်းတွေက အရေးယူ ခံရသူတွေနဲ့ ထောင်ကျသူတွေ ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်က ဒီကနေ့ တင်ပြဆွေးနွေးပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ သစ်တောထိန်းသိမ်းရေးအတွက် အဆိုတင်သွင်းတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က သူ့အဆိုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
"လက်တွေ့အနေအထားကတော့ ပြီးခဲ့တဲ့လွှတ်တော်ပိတ်ရက်မှာ ရွာတစ်ရွာမှာ ဒေသခံလူငယ်တစ်စုက သစ်ဖမ်းတာကို ပိုင်ရှင်နဲ့အဖွဲ့က အတင့်ရဲစွာဥပဒေမဲ့ လာရောက်လုယူသွားတာကိုပင် တွေ့ခဲ့ရပါတယ် ၊ နောက်တစ်ခါ ကျမရဲ့အဆိုမှာပါတဲ့ ညမှာဖမ်းမိပြီး နံနက်မှာ သစ်အပုံလိုက်ပျောက်သွားတဲ့ကိစ္စမှာလည်း သွားဖမ်းတဲ့ ရ.ယ.က နှစ်ဦးနဲ့ ရဲဝန်ထမ်း နှစ်ဦးဟာ ရ.ယ.က နှစ်ဦးက အလုပ်ပြုတ်ပြီး ရဲ နှစ်ဦးက ၁ နှစ်စီ ထောင်ကျကြောင်းကို သိရှိရပါတယ်၊ သူတို့က သစ်ခိုးတာမဟုတ်ပါဘူး၊ သူတို့က သစ်ဖမ်းတာပါ၊ သစ်ဖမ်းလို့ ဆုမရပဲ သစ်ပျောက်လို့ ပြစ်ဒဏ်ခံရတာကို ဝမ်းနည်းစွာသိရှိရပါတယ်၊ တကယ်ဆိုရင်တော့ ဒီတောနက်ထဲကသစ်ပုံကို ရဲနှစ်ယောက်တည်းနဲ့စောင့်ရင်လည်း အင်မတန်အန္တရာယ်များပါတယ်၊ ကျမတို့မြို့နယ်မှာ ရဲဝန်ထမ်းအင်အားကလည်း အင်မတန်နည်းပါးပါတယ်"
ဂန့်ဂေါမြို့နယ်က သစ်တောတွေထဲမှာ တရားမဝင်သစ်ခိုးထုတ်တာတွေ များနေပေမယ့် ရဲဝန်ထမ်း အရေအတွက် က နည်းပါးနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က တင်ပြပါတယ်။ ဒါ့အပြင် သစ်တောဝန်ထမ်းတွေကိုလည်း အိမ်ရာ၊ ကားစတဲ့ ထောက်ပံ့မှုတွေကို အစိုးရက လုပ်ဆောင်ပေးဖို့ လိုကြောင်း၊ လက်ရှိမှာ ဝန်ထမ်းတွေဟာ ဖမ်းမိတဲ့သစ်တွေကို သွားပို့တာတောင် ကားခကို လပေါင်းများစွာကြာမှ ပြန်ထုတ်ပေးတာတွေ ရှိနေကြောင်း လည်း ဆွေးနွေးပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း သစ်တောထိန်းသိမ်းဖို့တာဝန်ဟာ ဖဲွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြဌာန်းထားတာ ဖြစ်တဲ့အတွက် နိုင်ငံသားတိုင်း လိုက်နာရမှာဖြစ်ကြောင်း မြန်မာနိုင်ငံက သစ်တောတွေကို ထိန်းသိမ်းကြဖို့ကို တိုက်တွန်းဆွေးနွေးပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ သစ်တောစိုက် ခင်းတွေ ပြန်စိုက်တာ၊ သစ်ခိုးထုတ်သူတွေကို ဖမ်းဆီးတာတွေကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ပူးပေါင်း ပြီး ဆောင်ရွက်နေကြောင်း ဆွေးနွေးပါတယ်။
သစ်တောထိန်းသိမ်းရေးအဆိုကို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူ မရှိ မှတ်တမ်းတင်မယ်လို့ ဆုံးဖြတ်ပေမယ့် အဆိုရှင် ဒေါ်ယဉ်မင်းလှိုင်က လွှတ်တော်က စောင့်ကြည့်ဖို့ ထပ်မံတင်ပြရာမှာ စောင့်ကြည့်သွားမယ်လို့ ပြည်သူ့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။