ကဗျာဆရာအောင်ချိမ့်အပါအဝင် ထင်ရှားတဲ့ အနုပညာရှင်တချို့ ကွယ်လွန်

2021.08.09
ကဗျာဆရာအောင်ချိမ့်အပါအဝင် ထင်ရှားတဲ့ အနုပညာရှင်တချို့ ကွယ်လွန် (ဝဲ မှ ယာ) ကဗျာဆရာအောင်ချိမ့်၊ တေးသံရှင် Reggie Ba Oo ခေါ် တက္ကသိုလ်အေးမောင်၊ စာရေးဆရာ ညီစေမင်း။
Photo: Citizen Journalist

မြန်မာကဗျာလောကမှာ ထင်ရှားတဲ့ ကဗျာဆရာအောင်ချိမ့် ခေါ် ဦးကျော်သန်း ဟာ သြဂုတ်လ ၉ ရက် မနေ့ည က ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။ သူဟာ စစ်အာဏာရှင် ဦးနေဝင်းလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားတဲ့ ကျောင်းသားလူငယ်တစ်ယောက်အနေနဲ့ ၁၉၆၄ ခုနှစ်မှာ ထိန်းသိမ်းခံရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်ဖြစ်သလို၊ ခေတ်ပေါ်မြန်မာကဗျာလောကမှာ ဦးဆောင်ခဲ့သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။

သူဟာ အစားအသောက် မဝင်တော့တဲ့အတွက် ဇူလိုင် ၁၂ ရက်က ရန်ကုန်မြို့ သျှင်ပါကူ ဆေးရုံမှာ တက်ရောက်ကုသခဲ့ပေမယ့် ဆေးပဲ စစ်နိုင်ပြီး သွေးအားကျနေတာအဖြေမရှာနိုင်ဘဲ ဆေးရုံက အိမ်ပြန်လွှတ်လို့ ဇူလိုင် ၁၅ ရက်နေ့မှာ အိမ်ပြန်ရောက်သွားခဲ့ပါတယ်။ အခု သြဂုတ်လ ၉ ရက်နေ့ည ၈ နာရီကျော်မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။

ကဗျာဆရာ အောင်ချိမ့်ကို ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့အတွက် ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပြီဖြစ်ပါတယ်။ သူရေးခဲ့တဲ့ “ငါရှုံးပါစေ၊ တရားကနိုင်ပါစေ” ဆိုတဲ့ ကဗျာထဲက တပါဒဟာ လူငယ်ထုကြား ရေပန်းစားခဲ့ပါတယ်။ ကွယ်လွန်သူ ကဗျာဆရာ ဖော်ဝေး၊ မောင်ချောနွယ်နဲ့ အောင်ချိမ့်တို့ သုံးဦးရေးသားတဲ့ သစ်ရွက်အသေများပေါ်က ရက်စက်တဲ့ဂီတ ကဗျာစာအုပ်ဟာ ထင်ရှားတဲ့ ကဗျာစာအုပ်ဖြစ်သလို၊ ဆရာအောင်ချိမ့် တကိုယ်တော်ရေးသားထုတ်ဝေခဲ့တဲ့ ဂန္တဝင်မမ၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်၊ အသည်းစွဲကဗျာဆရာ တို့က ထင်ရှားပါတယ်။

မနေ့က တရက်တည်းမှာပဲ မန္တလေးမြို့က မော်ဒန်ပန်းချီဆရာ ဒေါက်တာကိုကိုကြီးနဲ့ စာရေးဆရာ နိုင်ငံရေးအကျဉ်းသားဟောင်း ညီစေမင်း၊ စတူဒီယိုခေတ်ဦး Playboy တေးအဖွဲ့က တေးသံရှင် Reggie Ba Oo ခေါ် တက္ကသိုလ်အေးမောင်၊ ဥသြတေးသံသွင်း လုပ်ငန်းပိုင်ရှင် ဥသြမောင်မောင်၊ စာရေးဆရာ ဆင်တဲဝမြတ်ဖုန်း တို့လည်းကွယ်လွန် သွားပါတယ်။

စာရေးဆရာ ညီစေမင်းဟာ မြေအောက်လှုပ်ရှားမှုမှာ ပါဝင်မှုနဲ့ ၁၉၇၈ က ၁၉၈၀ ထိ အင်းစိန် ထောင်မှာ ထိန်းသိမ်းခံရဖူးပါတယ်။ ၁၉၈၉ ကနေ ၁၉၉၄ ထိ မန္တလေးတိုင်း ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး စစ်အစိုးရဆန့်ကျင်ရေးကြောင့် မန္တလေး နန်းတွင်းနဲ့ အိုးဘိုထောင်တွေမှာ နေခဲ့ရပါတယ်။

ဒီအတောအတွင်းမှာပဲ စာရေးဆရာမ ခင်စောတင့်၊ သတင်းစာ ဆရာ သန်းဝေ (တောင်ကြီး) တို့ သြဂုတ် ၈ ရက်က ကွယ်လွန်ပြီး ပန်တျာတင်တင်မြင့်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကဗျာဆရာ အောင်ကျော်ဆန်း၊ စာရေးဆရာ အငြိမ်းစားသင်္ချာပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်း၊ ကာတွန်းဇော်ဝိတ်၊ စီးပွားရေးပညာရှင် ဒေါက်တာ လှမောင်တို့လည်း ပြီးခဲ့တဲ့ရက်က ကွယ်လွန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။