ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦး ကွပ်မျက်ခံရမှု၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ရှုတ်ချ

2022.07.28
ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦး ကွပ်မျက်ခံရမှု၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ရှုတ်ချ စစ်ကောင်စီမှ သေဒဏ်ပေးကွပ်မျက်လိုက်သည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော် (ဝဲမှယာ) တို့အား တွေ့ရစဉ်
.

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်မင်းယု ခေါ် ဦးဂျင်မီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ လေးဦးကို၊ အာဏာသိမ်းစစ်ကောင်စီက ကွပ်မျက် လိုက်တာဟာ၊ ရက်စက်ကြမ်းကြုတ်လွန်းပြီး၊ လူမဆန်တဲ့ ရာဇဝတ်မှုကြီးကို ကျူးလွန်တာ ဖြစ်တဲ့အတွက် ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ ( PNFR ) က ပြင်းပြင်ထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော် အာဏာကို ဥပဒေနဲ့ မညီဘဲ၊ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ၊ တရားမဝင် အဖွဲ့အစည်းဖြစ်တဲ့အတွက်၊ ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေအရ၊ ကြိုးပေးကွပ်မျက် ပိုင်ခွင့် မရှိတဲ့အတွက်၊ အကြမ်းဖက် လူသတ်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်း၊ ပွင့်လင်းမျှတတဲ့ တရားစီရင်ခွင့် မရရှိဘဲ၊ သေဒဏ်တွေ ချမှတ်ကွပ်မျက်နေတာ၊ ထပ်မံကွပ်မျက်ဖို့ ပြင်ဆင် နေတာတွေဟာ၊ နိုင်ငံတကာ အပါအဝင်၊ ပြည်သူတစ်ရပ်လုံးကို စိန်ခေါ်နေတာဖြစ်တဲ့ အပြင်၊ စစ်ကောင်စီပြောနေတဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးရေး ဆိုတာကလည်း၊ ပြည်သူကို ရန်သူလို သတ်မှတ်ပြီး၊ တိုက်မလား၊ လိုက်မလား စိန်ခေါ်တာသာဖြစ်တဲ့ အတွက်၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို စစ်ကောင်စီက အဆုံးစွန် ဖျက်ဆီးပစ် လိုက်တာဖြစ်ကြောင်း၊ မှားခဲ့ပြီး အမှားတွေကို နောက်ထပ်အမှားတွေနဲ့ ဖုံးကွယ်ဖို့ကြိုးစား နေပေမယ့် နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ၊ ပြည်သူ့နာကျည်း မုန်းတီးမှုတွေနဲ့အတူ၊ ပိုမို မြင့်မားလာမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီအနေနဲ့၊ ကျန်ရစ်သူ မိသားစုဝင်တွေ၊ မိဘဆွေမျိုး တွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပြီး၊ စစ်အာဏာရှင်အောက်က လွတ်မြောက်ရေးအတွက်၊ တပ်ဦးကနေ အသက်စွန့် တိုက်ပွဲဝင်ပေးခဲ့တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် နဲ့ ဦးအောင်သူရဇော်တို့ကို ဦးညွတ်ဂုဏ်ပြုပါကြောင်း၊ ပအိုဝ်းပြည်သူတွေအနေနဲ့လည်း၊ စစ်အာဏာရှင်ကို စုပေါင်းဆန့်ကျင်တော်လှန်သွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။