စလင်းမြို့နယ်မှာ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စီး ပျက်ကျ

RFA Burmese
2024.02.29
စလင်းမြို့နယ်မှာ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စီး ပျက်ကျ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကြူဝန်းကြီးကျေးရွာအနီး ပျက်ကျခဲ့သည့် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကြူဝန်းကြီးကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၂၉ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်က စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီ ဂျက်တိုက်လေယာဉ်ဟာ MIG - 29 အမျိုးအစားဖြစ်ပြီး လေ့ကျင့်ပျံသန်းရင်း စက်ချွတ်ယွင်းကာ ပျက်ကျခဲ့တာလို့ ပြောပါတယ်။

လေယာဉ်မှူး နှစ်ဦးကတော့ လေထီးနဲ့ ခုန်ထွက်လွတ်မြောက်ခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ မင်းဘူးခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံ ကိုအညာသား ပြောပါတယ်။

"လေယာဉ်ပေါ်က နှစ်ယောက်က လေထီးနဲ့ ခုန်ချလွတ်မြောက်သွားတယ်။ ခုန်ထွက်သွားတဲ့ သူတွေကိုတော့ Mi 17 နဲ့ ၁ နာရီဝန်းကျင်လောက်မှာ လာခေါ်သွားတယ်"

လေယာဉ်မှူး နှစ်ဦးကို လာခေါ်ချိန် စစ်ကောင်စီတပ်သားနဲ့ ရဲတွေကို ပျက်ကျတဲ့လေယာဉ်ရဲ့ အနီးပတ်ဝန်းကျင်တွေမှာ လုံခြုံရေးချထားပြီး လက်ရှိအချိန်မှတော့ အဲဒီနေရာကနေ ပြန်ထွက်ခွာသွားပြီလို့ ပြောပါတယ်။

ဒီလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဒီကနေ့ နေ့လယ်ပိုင်းမှာ ဖုန်းခေါ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်အာဏာသိမ်းပြီးနောက် စလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေယာဉ်ပျက်ကျမှုက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။