Plan Myanmar ဝန်ထမ်းနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း ကြေညာချက်ထုတ်


2019.07.31
yelinnaing-ingo-622.jpg မြောက်ဦးမှာ သေနတ်ကျည်မှန်ခဲ့တဲ့ ကိုရဲလင်းနိုင် ကို ၂ဝ၁၉ ဇူလိုင် ၂၉ ရက်နေ့က စစ်တွေဆေးရုံ ပို့ဆောင်စဉ်
Photo: RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ တပ်မတော်က ပစ်ခတ်လို့ ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာရသွားတဲ့ INGO ဝန်ထမ်း ကိုရဲလင်းနိုင် ပတ်သက်လို့ အထူးစိုးရိမ်ကြောင်း သူ တာဝန်ထမ်းဆောင်နေတဲ့ Plan Myanmar အဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ကိုရဲလင်းနိုင်ဟာ ဇူလိုင်လ ၂၈ ရက်နေ့က တပ်မတော်ရဲ့ ပစ်ခတ်မှု ခံခဲ့ရတာဖြစ်ပါတယ်။

Plan Myanmar အဖွဲ့အနေနဲ့ ဒဏ်ရာရရှိသွားတဲ့ ကိုရဲလင်းနိုင်အတွက် အထူးစိုးရိမ်ကြောင်းနဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလတ်တွေ မရရှိသေးတဲ့အတွက် မှတ်ချက် တစ်စုံတရာ မပေးနိုင်ကြောင်း၊ အစိုးရ အာဏာပိုင်တွေအပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုရဲလင်းနိုင်ဟာ လက်ရှိ စစ်တွေဆေးရုံမှာ ကုသမှုခံယူနေပြီး သူ့ကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရကြောင်းလည်း ပါရှိပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင်လ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ထားခဲ့ရာမှာတော့ ဆိုင်ကယ်မောင်းနှင်လာတဲ့ ကိုရဲလင်းနိုင် ကို မသင်္ကာတဲ့အတွက် ရပ်တန့်ဖို့ သတိပေးပြောဆိုခဲ့ပေမယ့် ဆက်လက်မောင်းနှင်သွားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက သတိပေး ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီနောက် ကျည်ထိမှန်ဒဏ်ရာနဲ့ သူ့ကို ဖမ်းဆီးခဲ့ပြီး ကျောပိုးအိတ်နဲ့ ဆိုင်ကယ်ကို ရှာဖွေစစ်ဆေးရာမှာ လက်ပစ်ဗုံးတစ်လုံး၊ ကွန်ပြူတာတစ်လုံးနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ပစ်ဗုံး တေ့ွရှိထားတဲ့အတွက် ကိုရဲလင်းနိုင်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း အမှုဖွင့်ထားပါတယ်။

အမှုကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်တွေနဲ့ မြောက်ဦးမြို့နယ် ရဲစခန်းတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ကိုရဲလင်းနိုင်ဟာ မင်းဗြားမြို့နယ် ရွှေတမာကျေးရွာမှာ နေထိုင်ပြီး ဇနီးနဲ့ ကလေး တစ်ယောက် ရှိတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုရဲတိုက် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။