ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ သုံ့ပန်းတစ်ရာကျော် ဖမ်းမိကြောင်း NUG ထုတ်ပြန်
2024.10.10

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇၀ ဦးကျဆုံးပြီး သုံ့ပန်း တစ်ရာကျော် ဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အမှတ် ၁ စစ်ဒေသက အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပင်လည်ဘူးမြို့ကို ဩဂုတ်လ ၁၅ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၈ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၇ဝ ခန့်သေဆုံးပြီး သုံ့ပန်း ၁၀၂ ဦး ဖမ်းမိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သား ၂၇၅ ဦး ပျောက်ဆုံးနေပြီး ၂၂၅ ဦး ထိခိုက်ဒဏ်ရာရကာ ၆၀ ဦးဟာ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်သား ၄၈ ဦးလည်း လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အခြေချတပ်တွေအပြင် လေကြောင်းကနေ ထပ်မံအင်အားဖြည့်တင်းခဲ့ပြီး ခြေလျင်တပ်ရင်း (ခလရ)- ၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅၊ ခြေမြန်တပ်ရင်း (ခမရ)- ၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄၊ ရဲတပ်ဖွဲ့အပါအဝင် အင်းအား ၇၇၂ ဦးနဲ့ ခုခံတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ် ၇၀၀ နီးပါး ဗုံးသီး အလုံးရေ ငါးထောင်ကျော်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ဒီတစ်ကြိမ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ ငါးကြိမ်မြောက် မြို့သိမ်းတိုက်ပွဲဖြစ်ပြီး ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ကျဆုံးသူတွေ ဒဏ်ရာရသူတွေရှိတယ်လို့ ထုတ်ပြန်ထားပေမဲ့ အရေအတွက်ကိုတော့ ထည့်သွင်း ထုတ်ပြန်တာ မရှိပါဘူး။