ဖြူးမှာ လယ်သမား ၆၆ ဦးကို တရားစွဲဆို


2014.08.27
farmer-plough-305 လယ်ထွန်နေတဲ့ လယ်သမားသားအဖကို တွေ့ရစဉ်
AFP

ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာရွာတဝိုက်က လယ်သမား ၆၆ ယောက်ကို စိုက်ပျိုးရေးဌာန နဲ့ မြအိန္ဒြေဆိုတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက မြေ လွတ်မြေရိုင်းဥပဒေပုဒ်မ ၂၇ နဲ့ တရားစွဲထားတယ် လို့သိရပါတယ်။

အဲဒီလယ်မြေတွေကို ဒေသခံတွေက အစိုးရဌာနဆိုင်ရာ ကို နှစ်စဉ်သီးစားခပေးပြီး မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့ရာမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာတော့ ကုမ္ပဏီပိုင်မြေဖြစ်တဲ့ အတွက် ဆက်လက်လုပ်ခွင့်မပြုရာကနေ မူလ လယ်သမားတွေက ဖယ်မပေးနိုင်တဲ့အတွက် တရားစွဲခံရတာဖြစ်ပါတယ်။ ဒီအတောအတွင်းမှာပဲ ၂၀၁၃ ခုနှစ်မှာ စိုက်ပျိုးရေးဌာနနဲ့ မြအိန္ဒြေကုမ္ပဏီက သူတို့ရဲ့စီမံကိန်းအတွက် သမ္မတကို ဖိတ်ခေါ်ပြသ ဖို့စီစဉ်တဲ့အခါ စီမံကိန်းလယ်နဲ့ပတ်သက်ပြီး ကောင်းကောင်းမွန်မွန်ပြောပေးမယ့် လယ်သမားတချို့ကို အိမ်ခြံနဲ့ လယ်လုပ်ခွင့်မက်လုံးပေးပြီး စည်းရုံးခဲ့တယ်လို့ တရားစွဲခံထားရတဲ့ လယ်သမားတွေထဲက ဦးမြသိန်းက RFA ကို အခုလိုပြောပါတယ်။

"သမ္မတကြီးလာတဲ့အခါမှာ ကျနော်တို့ကို သူတို့က ခြံလေးတွေလုပ်ပေးမယ်၊ လယ်လည်းလုပ်ခွင့် ခင်ဗျားတို့ကိုပေးမယ်၊ ခင်ဗျားတို့ သမ္မတကြီးကို ဒီလိုပြောပေးပါဆိုပြီးတော့ ကျနော်တို့ ၁၈ ယောက် ကို ခေါ်ပြီးတော့ စကာတင်လေ့ကျင့်ခိုင်းထားတယ်၊ ကျနော်တို့က အဟုတ်ထင်တာပေါ့၊ သူတို့တွေကလည်း ကျနော်တို့ကို အဲ့နားကအိမ်တွေကို ချပေးထားတာလေ၊ ၃၊ ၄ လလောက်လဲကြာရော ကျနော်တို့ကို တရားစွဲတော့တာပဲ"

အဲဒီနောက် အိမ်မြေယူထားတဲ့ လယ်သမားတွေအပါအဝင် စုစုပေါင်း လယ်သမား ၁၂၆ ယောက်ကို ကျူးကျော်မှုပုဒ်မ ၄၄၇ နဲ့တရားစွဲလိုက်တယ်လို့လယ်သမား ဦးမြသိန်းကပြောပါတယ်။ ဒါပေမယ့် ပုဒ်မ ၄၄၇ နဲ့စွဲထားတဲ့အမှုဟာ တရားဥပဒေအရ အမှုမခိုင်လုံတဲ့အတွက် လယ်သမားတွေကို ပထမတစ်ကြိမ် အမှုကနေပလပ်ပေးလိုက်ပြီး၊ အခုတခါ မြေလွတ်မြေရိုင်းဥပဒေပုဒ်မကိုပြောင်းပြီး နောက်ထပ်တရားစွဲလာတာဖြစ်တယ်လို့ဆိုပါတယ်။

လယ်သမား ဦးမြသိန်းကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။