မမျှတမှုကြောင့် လယ်သိမ်းခံ ဖြူးတောင် သူတွေ လျော်ကြေးငွေ မထုတ်
2014.03.28

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးနဲ့ ဖြူးမြို့နယ် မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပေးရာမှာ တစ်မြို့နယ်နဲ့ တစ်မြို့နယ် ပေးတဲ့လျော်ကြေး မတူတာကြောင့် ဒီနေ့ ဖြူးမြို့နယ်က လယ်သမား ၁၅၀ လောက်က လျော်ကြေးမထုတ်ကြဘူး လို့ ပြောပါတယ်။
မနေ့က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်က လယ်ယာမြေတွေအတွက် တစ်ဧက ကျပ် ၁၀သိန်း၊ ၁၂ သိန်းနှုန်းထားနဲ့ လျော်ကြေးပေးခဲ့ပါတယ်။ ဖြူးမြို့နယ်က လယ်ယာမြေလျော်ကြေးက တစ်ဧက ကျပ် ၄သိန်း၊ ကျပ် ၃ သိန်းခွဲနှုန်းသာ သတ်မှတ်ပြီး လျော်ကြေးပေး တာကြောင့် လယ်သမားတွေက မကျေနပ်လို့ မယူကြတာလို့ ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးမြင့်ဇော်က ပြောပါတယ်။
"ဒီကနေ့ ဖြူးမြို့နယ်အတွက် လျော်ကြေးကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ပေးတဲ့အခါမှာ လယ်မြေ ဧက လျော်ကြေး ၄ သိန်း၊ ယာမြေဧကကို လျော်ကြေး ၃ သိန်းခွဲပေးပါတယ်၊ ဖြူးမြို့နယ်နဲ့ ကျောက်တံခါး မြို့နယ်က တစ်တိုင်းတည်းမှာ အတူရှိတယ်၊ သိန်းတာကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိမ်းတယ်၊ စီမံကိန်းကလည်း အမြန်လမ်းစီမံကိန်း အဲလိုတိုင်းတစ်တိုင်းထဲမှာလည်းဖြစ်တယ်၊ စီမံကိန်းလည်းတူရဲ့သားနဲ့ ကျောက်တံတားမြို့နယ်ကျ ၁၂ သိန်းပေးပြီးတော့ ဖြူးမြို့နယ်မှာ ၄ သိန်းပေးတယ်ဆိုတာက ဒါလယ်သမားချင်း ခွဲခြားဆက်ဆံတယ်လို့ ကျနော်မြင်တယ်လေ၊ အဲဒါကြောင့် လယ်သမားတွေကလည်း လျော်ကြေးမထုတ်ပါဘူး"
သိမ်းခံရတဲ့အထဲမှာ ဖြူးမြို့နယ် ကျေးရွာအုပ်စု ၆ စုက လယ်သမား ၂၀၀ နီးပါးလောက် ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၆၀၀ နီးပါးရှိပြီး ကြက်ပေါင်ချောင်း၊ မင်းကံရိုး၊ ခင်တန်းကြီးကျေးရွာအုပ်စု ၃စုက တောင်သူ ၁၅၀ လောက်က ဒီနေ့ လျော်ကြေးမယူဘူးလို့ ငြင်းနေကြတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စီမံကိန်းနဲ့မလွတ်လို့ဆိုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ပဲခူးတိုင်းဒေသကြီးအတွင်းက ကျောက်တံခါး၊ ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်းနဲ့ ဖြူးမြို့နယ် စုစုပေါင်း ၅ မြို့နယ်က လယ်ဧကပေါင်း ၂၃၀၀ သိမ်းယူခဲ့ပြီး အဲ့ဒီလယ်ယာမြေတွေအတွက် လျော်ကြေးပေးနေတာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။