ဖိလစ်ပိုင် အွန်လိုင်းဒုစရိုက်ဂိုဏ်းက မြန်မာခြောက်ဦးဖမ်းဆီးခံရ

RFA Burmese
2024.09.01
ဖိလစ်ပိုင် အွန်လိုင်းဒုစရိုက်ဂိုဏ်းက မြန်မာခြောက်ဦးဖမ်းဆီးခံရ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုတွင် ဖမ်းဆီးမိခဲ့သူများအား ပြည်နှင်ဒဏ်ပေးရန် ခေါ်ဆောင်လာစဉ်။
Photo: AFP

ဖိလစ်ပိုင်နိုင်ငံက တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ဆိုက်ဘာဒုစရိုက်လုပ်ငန်းကို အာဏာပိုင်တွေ စနေနေ့က ဝင်ရောက်စီးနင်းပြီး မြန်မာခြောက်ယောက် အပါအဝင် နိုင်ငံခြားသား ၁၆ဝ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၁ ရက်က ပြောကြားတဲ့အကြောင်း AP သတင်းက ဖော်ပြပါတယ်။ ဖမ်းဆီးမိသူ အများစုက တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံကလို့ ဆိုပါတယ်။

အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို ပိတ်ပင်ကြောင်း သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.)က ဇူလိုင်မှာ အမိန့်ထုတ်ပြန်ပြီးနောက် ဒါတွေကို နှိမ်နင်းနေတဲ့လုပ်ငန်း တစ်စိတ်တစ်ပိုင်းအနေနဲ့ စီဘူးပြည်နယ် Lapu-Lapu မြို့က အပန်းဖြေဥယျာဉ်ကို စစ်ထောက်လှမ်းရေး ကျောထောက်နောက်ခံနဲ့ အစိုးရဝန်ထမ်း ၁ဝဝ ကျော်က စီးနင်းတာပါ။

တရုတ်နိုင်ငံမှာ အွန်လိုင်းလောင်းကစားဝိုင်းတွေ တားမြစ်ထားပေမဲ့ တရုတ်လောင်းကစားဝါသနာအိုးတွေအတွက် တရုတ်တွေ ဖိလစ်ပိုင်မှာ အများဆုံး လည်ပတ်နေတဲ့ အွန်လိုင်း လောင်းကစားဝိုင်းကို နှိမ်နင်းနေတာလည်းဖြစ်ပါတယ်။

ဒီတရားမဝင်လောင်းကစားလုပ်ငန်းကြီးတွေဟာ ဖိလစ်ပိုင်ဥပဒေတွေကို လျစ်လျူရှုပြီး စည်းမျဉ်းစည်းကမ်းတွေကို အကြီးအကျယ် ချိုးဖောက်တယ်လို့ သမ္မတ မားကို့စ်က ပြောပါတယ်။ ဒါ့အပြင် ငွေကြေးလိမ်လည်တာ၊ လူကုန်ကူးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ပြန်ပေးဆွဲတာနဲ့ လူသတ်တာ အပါအဝင် တခြားရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့လည်း ပြောပါတယ်။

အပန်းဖြေစခန်းဥယျာဉ်ထဲမှာ အဆောက်အဦ ဆယ်လုံးရှိပြီး ရေကူးကန်တွေ၊ ကာရာအိုကေဘားတွေနဲ့ စားသောက်ဆိုင်တွေပါ ပါရှိပါတယ်။ အဲဒီ အွန်လိုင်းဒုစရိုက်ဂိုဏ်းမှာ အင်ဒိုနီးရှား ရှစ်ယောက် အဓမ္မအလုပ်စေခိုင်းနေရတာကို ကယ်တင်ပေးဖို့ မနီလာမှာ ရှိတဲ့ အင်ဒိုနီးရှား သံရုံးက မေတ္တာရပ်ခံရာက အခုလို စီးနင်းတာပါ။

နိုင်ငံခြားသား ၁၆၂ ထက်မနည်း အဲဒီမှာ လုပ်ကိုင်နေကြပြီး ဖမ်းဆီးမိတဲ့ တရုတ် ၈၃ ယောက်၊ အင်ဒိုနီးရှား အယောက် ၇ဝ၊ မြန်မာ ခြောက်ယောက်အပါအဝင် ထိုင်ဝမ်နဲ့ မလေးရှားနိုင်ငံသားတွေကို မနီလာကို ပို့မယ်လို့ ဆိုပါတယ်။ သူတို့ကို လူဝင်မှုကြီးကြပ်ရေးဌာနက စစ်ဆေးပြီး နေရပ်ပြန်ပို့မယ့် အလားအလာရှိတဲ့အပြင် ပိုင်ရှင်ကိုလည်း ဖမ်းဆီးလိုက်ပြီး ပြစ်မှုတွေနဲ့ အရေးယူမှာဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။