ဖားကန့်မှာ မြေစာပုံပြိုကျ လူ ၄ဝ ဦးသေဆုံး
2015.11.21

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ရွာအနီးက ကံခါစုပေါင်းမြေစာပုံမှာ ဒီကနေ့ မနက် အစောပိုင်း ၃ နာရီလောက်က စွန့်ပစ်မြေစာပုံပြိုကျလို့ ခန့်မှန်းလူ ၂ဝဝ လောက်ပိတ်မိနေပြီး ဒီကနေ့ညနေပိုင်းအထိ လူသေအလောင်း ၄ဝ လောင်း တွေ့ရှိ ထားပါတယ်။
နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်ပြီး အဲ့ဒီမြေစာပုံပြိုကျတဲ့နေရာနဲ့ သုံးမိုင်လောက် အကွာက ဆန်းကြွယ်ကျေးရွာမှာ သီတင်းသုံးနေတဲ့ ဆန်းကြွယ် ဆရာတော် ဦးကဝိသာရ က RFA ကို အခုလိုမိန့်ပါတယ်။
"အရပ်ကပြောနေတာကတော့ လူ ၂ဝဝ ကျော်လို့ပြောနေပါတယ်၊ လက်ရှိ ၂၄ လောင်းရနေပြီလို့ ပြောနေကြပါတယ်၊ ပျောက်ဆုံးစာရင်းက ၄၁ ဦး၊ လောလောဆယ် စာရင်းလာပို့ကြပါတယ်၊ တဲပေါင်းက ၃ဝ ကျော်ပါသွားပါတယ်၊ အုပ်ချုပ်ရေးပိုင်းလည်း မနက်ကပဲသွားပြီးတော့ တစ်နေကုန် နီးပါးပါပဲ၊ လူမှုကူညီရေးတွေရော၊ အားလုံး တော်တော်များများသွားပြီးတော့ခုထိဖော်နေဆဲပါပဲ၊ ခနခနဖြစ်တာပဲ၊ ဒါကို ဘုန်းကြီးတို့ လည်း တော်တော်များများပြောတာပဲ၊ ဒါပေမယ့် သူတို့လုပ်ထုံးလုပ်နည်း ကဘယ်လိုလုပ်ကြတယ်ဆိုတာ ဘုန်းကြီးတို့ကိုမပြောပြဘူး၊ ခနခနပြို တယ်၊ နှစ်တိုင်းပြိုတယ်၊ အနည်းဆုံး ၃၊ ၄ ကြိမ်မက အကြီးစားကြီးတွေပြိုတာလေ"
အဲ့ဒီကံခါမြေစာပုံဟာ ကျောက်စိမ်းကုမ္ပဏီတွေက မြေစာတွေကို စွန့်ပစ်တဲ့ စုပေါင်းမြေစာပုံဖြစ်ပြီး အဲ့ဒီမှာ ရေမဆေးကျောက်ရှာသူတွေနဲ့ ဈေးဆိုင်တဲတန်း ကလူတွေ ပြိုကျမြေစာပုံထဲပိတ်မိနေတာပါ။
ပိတ်မိနေသူတွေထဲက ဖော်ထုတ်ရရှိထားတဲ့ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေ ကိုဖားကန့်မြို့နယ် ဆေးရုံကိုသယ်ဆောင်ထားကြောင်းနဲ့ လက်ရှိမှာ ဘက်ဟိုး လို့ခေါ်တဲ့ မြေတူးစက် ၈ စီးနဲ့ ကယ် ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောပါတယ်။
အခုနှစ် မိုးအကုန်ပွင့်လင်းရာသီချိန်မှာ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒီမြေစာပုံပြိုကျမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်နှစ်တွေကလည်း မကြာခဏမြေစာ ပြိုကျလို့ လူထိခိုက်သေဆုံးမှု တွေရှိခဲ့ပါတယ်။
ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းမှော်တွေမှာ ဒေသခံတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးက လုပ်သား နှစ်သိန်းဝန်းကျင်လောက်လာရောက် လုပ်ကိုင်နေ ကြတာဖြစ်ပါတယ်။