တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေ ချပေးရန်စီစဉ်
2018.08.21
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဟောင်ပါး၊ နန့်ယား၊ နန့်မဖြစ် စတဲ့ကျေးရွာအုပ်စု ၃ ခုမှာ လက်လုပ် လက်စား ကျောက်စိမ်းတူးဖော်လုပ်ကိုင်ခွင့်တွေ ချထားပေးဖို့ အစိုးရတာဝန်ရှိသူတွေက စီစဉ်နေပါတယ်။
အဲဒီနေရာ ၃ ခုမှာ ပဏာမ မြေနေရာ ရွေးချယ်ကွင်းဆင်းတိုင်းထွာရေးတွေကို ဖွဲ့စည်းလုပ်ဆောင်နိုင် ဖို့ ပြည်နယ်ကနေတဆင့် ပြည်ထောင်စုကို တင်ပြထားတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ဒီကနေ့ပြောပါတယ်။
"နယ်မြေတော့ အကြမ်းဖျဉ်းသတ်မှတ်ပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြတဲ့အခါမှာလည်း သဘော တူချက်ရပြီးပြီ။ အဲဒီတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆက်တင်ထားတယ်။ အခု လုပ်ကွက်တိုင်း ဖို့ပေါ့နော်၊ လုပ်ကွက်ဖော်ထုတ်ဖို့ပေါ့နော်။ အကွက်ဖော်ဖို့ပေါ့ဗျာ အဲဒီအဆင့်ပဲရှိသေးတယ်။ အကြမ်း ဖျဉ်းအားဖြင့် ကျေးရွာအုပ်စုနယ်မြေနဲ့ ပြောမယ်ဆိုရင် နန့်ယားအုပ်စု၊ နန့်မဖြစ်အုပ်စု၊ ဟောင်ပါး အုပ်စုတွေ ပါတယ်ခင်ဗျ။ ဥပဒေလုပ်ထုံးလုပ်နည်း ပြဌာန်းပြီးမှပေါ့နော်။ ဥပဒေပေါ်မှာ ထပ်ထုတ်မယ့် အမိန့်၊ ညွှန်ကြားချက် အသေးစိတ်တော့ ကျနော်တို့ မသိရသေးဘူးဗျ။"
အဲဒီဒေသတွေဘက်မှာ စိုက်ပျိုးဥယျာဉ်ခြံမြေတွေနဲ့ လွတ်ကင်းမှုရှိမရှိ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိ စတဲ့အခြေအနေတွေကို မြေပြင်မှာ ကွင်းဆင်းပြီး အထက်အဆင့်ဆင့်က ခွင့်ပြုမှသာ လုပ်ပိုင်ခွင့်တွေကို ချပေးနိုင်မှာဖြစ်ပါတယ်။
လတ်တလောမှာ ဖားကန့်မြို့နယ်က ဟောင်ပါး၊တာမခံ၊ ရှဒူးဇွပ် စတဲ့နေရာတွေမှာ အသေးစား ရွှေသတ္တု တူးဖော်လုပ်ကိုင်ခွင့်ပြုဖို့ ကုမ္ပဏီလုပ်ငန်းရှင် ၈ ဦးက လာရောက်လျှောက်ထားတယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေမှာ အခြေခံသာမန်ပြည်သူတွေအတွက် အသေးစား၊ လက်လုပ်လက်စား လုပ်ကိုင်နိုင်ခွင့်တွေ ပါဝင်တဲ့ မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြည်ထောင်စုအဆင့် လွှတ်တော်တွေမှာ ဆွေးနွေးနေကြ တာဖြစ်ပါတယ်။
ဖားကန့် ကျောက်စိမ်းတွင်းမှော်နယ်မြေမှာ ကုမ္ပဏီလုပ်ငန်းရှင်ကြီးတွေက စက်ယန္တရားပေါင်းစုံ အသုံးပြုပြီး၊ နည်းမျိုးစုံနဲ့ တူးဖော်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။