ဖားကန့်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ပြည်နယ် လွှတ်တော်ကော်မတီ တိုက်တွန်း
2017.03.30

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ စက်ယန္တရားတွေနဲ့ တူးဖော်လုပ်ကိုင်နေတာကြောင့် မြို့ရွာ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာတဲ့အခြေအနေတွေကို အစိုးရက စနစ်တကျ ဖြေရှင်းဆောင်ရွက်တာ မရှိတဲ့အတွက် ထပ်မံတိုက်တွန်းသွားမယ်လို့ သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေး နဲ့ မွေးမြူရေးဆိုင်ရာ ကော်မတီက ပြောပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အဲဒီကော်မတီက လွှတ်တော်ကို အနှစ်ချုပ်အစီရင်ခံစာ တင်သွင်းရာမှာ တစ်နှစ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ မိုးညှင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီ အစီရင်ခံစာမှာ နှစ်ပေါင်းများစွာကျောက်စိမ်းတူးဖော်ပြီး ထွက်ရှိလာတဲ့ မြေစာတွေကို စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် ချောင်းတွေကောပြီး မြို့ရွာပတ်ဝန်းကျင်တလျှောက် လူနေအိမ်ခြေတွေနဲ အဆောက်အဦတွေ ထိခိုက်ပျက်စီးဆုံးရှုံး ခဲ့ကြတဲ့သူတွေကိုလည်း နစ်နာကြေးတွေပေးဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကျောက်မျက်ကုမ္ပဏီတွေရဲ့ ကျောက်စိမ်းတူးဖော်ရေးမှာအသုံးပြုတဲ့ စက်ယန္တရားတွေကို သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိ မရှိ ကွင်းဆင်းစစ်ဆေးပြီး ကန့်သတ်ဆောင်ရွက်ဖို့ကိုလည်း အစိုးရကိုတိုက်တွန်းခဲ့ကြောင်းသိရပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ယာဉ်စက်ယန္တရားတွေနဲ့ အလွန်အကျွံတူးဖော်လုပ်ကိုင်နေမှုကြောင့် သဘာဝတောင်တောင် ချောင်းမြောင်းတွေ ပျက်စီးပြီး မိုးတွင်းမှာရေကြီး၊ နွေရာသီမှာ ရေရှား စတဲ့ နောက်ဆက် တွဲဆိုးကျိုးတွေကို ဒေသခံပြည်သူတွေက ရင်ဆိုင်နေရတာဖြစ်ပါတယ်။
အဲဒီကော်မတီက တစ်နှစ်တာအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာ ၅ စောင်ကို လွှတ်တော်ဥက္ကဋ္ဌကနေတဆင့် အစိုးရအဖွဲ့ကို တင်သွင်းခဲ့တာပါ။
အလားတူ စီမံကိန်း စီးပွားရေး နဲ့ ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ နဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက် သွယ်ရေး၊ လျှပ်စစ် နဲ့ စက်မှုလက်မှုဆိုင်ရာကော်မတီကလည်း နှစ်ချုပ်အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။