ဥပဒေမလိုက်နာတဲ့ ကျောက်မျက်ကုမ္ပဏီတွေ အရေးယူဖို့ လွှတ်တော်မှာ မေးမြန်း
2017.11.30
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော် လုပ်ကိုင်ကြသူတွေထဲက နည်းဥပဒေတွေအတိုင်း လိုက်နာမှုမရှိတဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေကို အခုနှစ်ကစလို့ ဥပဒေအတိုင်း စိစစ်ဆောင်ရွက်ဖို့ ရှိ မရှိနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ မေးမြန်းခဲ့ပါတယ်။
တိုင်းရင်းသားပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနေပြီး နိုင်ငံတော်က အခွန်ငွေတွေ လေလွင့်မှုတွေ ရှိနေတာကြောင့် အခုလိုမေးရတာလို့ ဖားကန့်မြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
"ဒီကုမ္ပဏီတွေဟာဆိုရင် ဒီနေ့ပဲ မှတ်ပုံတင်တယ်။ ဒီနေ့ပဲ တူးတယ်။ ကုမ္ပဏီတွေ ဒီလိုတူးတာကိုကြတော့ လက်ပိုက်ကြည့်ပြီးမှနေတယ်။ ပြည်သူတွေအနေနဲ့ကျတော့ မြေလေးသွားတူးဆွတယ်။ ရေမဆေးလေး သွားရှာတယ်။ ဒါကိုကျတော့ အကြောင်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေတဲ့အပေါ်မှာလည်း ဒါဟာကွဲလွဲမှုတွေက စဉ်းစားကြည့်ရင် ဖားကန့်နယ်မြေမှာ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေတယ်။ နိုင်ငံ့ဘဏ္ဍာ မလေလွင့်သင့်ဘဲ လေလွင့်နေတဲ့ အနေအထားမျိုးကို သက်ဆိုင်ရာ အစိုးရတွေကနေပြီးမှ ကွင်းကွင်းကွက်ကွက် သိရှိနိုင် ဖို့အတွက်ကို ကျနော့်အနေနဲ့ မေးရခြင်းဖြစ်ပါတယ်"
တူးဖော်ခွင့်ရရှိတဲ့ ကုမ္ပဏီတွေဟာ မြေပုံပါ ဧရိယာအတွင်းမှာသာ တူးဖော်ရခြင်း၊ သဘာဝပတ်ဝန်းကျင် မထိ ခိုက်အောင် စီမံဆောင်ရွက်ခြင်း၊ အလုပ်သမားစာရင်းတွေကို ပြုစုထားခြင်း၊ စက်ယန္တရားတွေကို သတ်မှတ်ချက် အတိုင်း အသုံးပြုမှုစတဲ့ အချက် ၁၉ ချက်ပါတဲ့ ကျောက်မျက်ဥပဒေရဲ့ နည်းဥပဒေ ၈ ကို အပြည့်အဝ လိုက်နာမှု အားနည်းကြောင်း ဦးဒါရှီလဆိုင်းက ထောက်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာမှုမရှိတဲ့ ကုမ္ပဏီတွေကို စိစစ်အရေးယူ ဆောင်ရွက် မှာဖြစ်တယ်လို့ ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သယံဇာတဝန်ကြီး ဦး H လအောင်က ဖြေကြားခဲ့ပါတယ်။
ဒီအတောအတွင်း ဖားကန့်မြို့နယ်က တရားစီရင်ရေး၊ မြေစာရင်း၊ အုပ်ချုပ်ရေး စတဲ့ဌာနဆိုင်ရာတွေရဲ့ မမှန်မကန်လုပ်ဆောင်မှုနဲ့ ကျောက်မျက်ကုမ္ပဏီတွေက မတရားအနိုင်ကျင့်မှုတွေ လုပ်ဆောင်နေလို့ဆိုပြီး ဒေသခံအချို့က ဖားကန့်မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ ကျောက်စိမ်းအရိုင်းတုံးတွေကို အလွန်အကျွံတူးဖော် ထုတ်လုပ်ရောင်းချ မှုတွေနဲ့အတူ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရေမဆေးသမားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပဋိပက္ခ၊ မူးယစ်ဆေးဝါးအန္တရာယ် စတဲ့ပြဿနာတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ စီးပွားရေးနယ်မြေတစ်ခု ဖြစ်ပါတယ်။