တန် ၃၀၀ ကျော် ကျောက်စိမ်းကို ကျပ် ၁၀ ဘီလီယံကျော် တန်ဖိုးသတ်မှတ်


2017.11.16
phakant-jade-622 ကချင်ပြည်နယ် ဖားကန့်မြို့နယ်က အလေးချိန် တန် ၂ဝဝ ကျော် ခန့်မှန်းခဲ့တဲ့ ကျောက်စိမ်းအရိုင်းတုံးကြီးကို တွေ့ရစဉ်
Photo: Shan Gyi (facebook)

ကချင်ပြည်နယ် ဖားကန့်မှာ မနှစ်က ရတနာတောင်တန်းကုမ္ပဏီက တူးဖော်တွေ့ရှိခဲ့တဲ့ တန်ချိန် ၃၀၀ ကျော်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ကျပ်ငွေ ၁၀ ဘီလီယံကျော် တန်ဖိုး သတ်မှတ်ပြီး ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ကျောက်မျက်ပြပွဲမှာ တင်ပြရောင်းချသွားမယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

အဲဒီကျောက်စိမ်းအရိုင်းတုံးကို အစိတ်ပေါင်း ၃၀ နီးပါး ခွဲစိတ်ပြီး နေပြည်တော် ဒက္ခိဏသီရိမြို့နယ်က နိုင်ငံတော်နဲ့ အကျိုးတူသိုလှောင်ရုံမှာ လုံခြုံရေးအစီအမံနဲ့ ထိန်းသိမ်းထားတယ်လို့ ဦးတင့်စိုးက ဒီကနေ့ ပြောပါတယ်။

"နဂိုတုန်းက ဒီကျောက်ကို ခန့်မှန်း အလေးချိန် တန် ပေါင်း၂၁၀ ရှိတယ်ဆိုပြီးမှ ကျနော်တို့ သိခဲ့ရပါတယ်။ ကျောက်စိမ်းတုံးကြီးဟာ အင်မတန်မှကြီးတဲ့အတွက်ကြောင့်မို့ သူ့ကို သယ်ဖို့ပြုဖို့ အဆင်မပြေတဲ့အခါကျတော့ တရုတ်ပြည်ကနေ ပညာရှင်တွေခေါ်ပြီးတော့ ဖြတ်တဲ့အခါမှာ အစိတ်အပိုင်းအကြီးကြီးတွေပေါ့ဗျာ ၂၈ ခြမ်းရပါတယ်။ နောက်ပြီးတော့မှ အသေးလေးတွေကိုတော့ တစ်အိတ်စာရတယ်ပေါ့ဗျာ။ ဖြတ်တောက်ပြီး ပြန်ချိန်တွယ်တဲ့အခါကျတော့ တန်ချိန်အားဖြင့် ၃၀၈ တန် ဒသမ ၃၉၈ တန်ရှိသွားတယ်လို့ ပြောလို့ရပါတယ်"

အဲဒီ ကျောက်စိမ်းကနေ နိုင်ငံတော်က ရတနာခွန်အဖြစ် အနည်းဆုံး ကျပ်သန်းပေါင်း ၂၁၀၀ ကျော် ရရှိနိုင်ကြောင်းနဲ့ သတ်မှတ်တန်ဖိုးထက် ပိုပြီးရောင်းချနိုင်ခဲ့ရင် ရရှိတဲ့ငွေပမာဏအပေါ်မှာမူတည်ပြီး နိုင်ငံတော်ကရမယ့် အချိုးကျ အခွန်ငွေဟာလည်း ပိုများလာနိုင်တယ်လို့ ပြောပါတယ်။

ကျောက်စိမ်းအရိုင်းတုံးကို ဆိပ်မူအုပ်စု မယ့်လင်ချောင်မှော်လုပ်ကွက် ၂ မှာ အစိုးရနဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ ရတနာတောင်တန်းကုမ္ပဏီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၀ ရက်နေ့က တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီ ကျောက်စိမ်းဟာ လုံးစွပ်အမျိုးအစားဖြစ်ပြီး အမျိုးစားတူ ကျောက်စိမ်းတုံးတွေထဲမှာ အကြီးမားဆုံးဖြစ်ပါတယ်။

အဲဒီ ကျောက်စိမ်းဟာ အမေရိကန်ဒေါ်လာ သန်း ၁၇၀ လောက်အထိ တန်ကြေးရှိနိုင်တယ်လို့ နိုင်ငံတကာ အကဲခတ်တွေက ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။