တန် ၂ဝဝ ကျော် ကျောက် စိမ်းတုံး တွေ့ရှိ
2016.10.14

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အလေးချိန် တန် ၂ဝဝ ကျော်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကြီးကို တူးဖေါ်တွေ့ ရှိပါတယ်။
အစိုးရသစ်လက်ထက်မှာ ဒီလိုကျောက်စိမ်းတုံးကြီးထွက်ရှိတာဟာ နိုင်ငံအတွက် ကံကောင်းခြင်းဖြစ်တယ် လို့ ကျောက်စိမ်းတုံးကို ဒီကနေ့ သွားရောက်လေ့လာခဲ့တဲ့ ဖားကန့်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
"ကျောက်စိမ်းတုံးကြီးက ဘယ်လောက်ကြီးလဲဆိုရင် ၉ ပေ နှစ်ခန်းပတ်လည် အိမ်တစ်လုံးစာရှိတယ်၊ ကျနော်တို့ အစိုးရသစ်တက်လာတဲ့အခါမှာ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီး ထွက်လာတယ် ဆိုတဲ့ အခါကျတော့ ကျနော်တို့ ပါတီအတွက်ရော၊ ကျနော်တို့ အစိုးရအတွက်ရော၊ ကျနော် တို့ နိုင်ငံသားတွေ အတွက်ရော ကံကောင်းခြင်းလက်ဆောင်တွေ ရောက်လာတယ်လို့ပဲ ကျနော့်အနေနဲ့ ယူဆပါတယ်၊ သမိုင်းမှာလည်း ဘယ်သူမှာမှ မရှိတဲ့ ကျောက်စိမ်းတုံးကြီး ထွက်လာတယ် ဆိုတော့လေ"
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင် မှော် က နိုင်ငံတော်နဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ ရတနာတောင်တန်း ကုမ္ပဏီလုပ်ကွက်မှာ တူးဖော်တွေ့ရှိတာဖြစ်ပါတယ်။
အခုတွေ့ရှိတဲ့ကျောက်စိမ်းတုံးကြီးဟာ ဒေသအခေါ် လုံးစွတ် ကျောက်အမျိုးအစားဖြစ်ကြောင်းနဲ့ ကမ္ဘာ့အကြီးဆုံး လုံးစွတ်ကျောက်လို့ ယူဆထားပြီး ကျောက်ကြောမြေလွှာနဲ့ ကပ်နေတဲ့ ကျောက် ဖာ နေရာမှာတွေရှိခဲ့တာဖြစ် တယ်လို့ သိရပါတယ်။
အရည်အသွေးကောင်းတဲ့ အဖိုးတန်ကျောက်စိမ်းဖြစ်တယ်လို့ ခန့်မှန်းထားပြီး လောလောဆယ်မှာ ကျောက်စိမ်း ကြီးရဲ့ တန်ဖိုးကို အတိအကျပြောလို့ မရသေးဘူးပါဘူး။
ကျောက်စိမ်းထွက်ရှိတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုကော်မတီခေါင်းဆောင် ဦးဝင်းထိန်ကနေတဆင့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားထား တယ်လို့ သိရပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသ နန့်မှော်ကျေးရွာ မှာ ပြီးခဲ့တဲ့ ၂ဝဝဝ ခုနှစ်က ကမ္ဘာ့အကြီးဆုံးကျောက်လို့ သတ်မှတ်ထားတဲ့ တန်ချိန် ၃ဝဝဝ လောက်ရှိတဲ့ ငုတ်ကျောက်အမျိုးအစား ကျောက်စိမ်း ထွက်ရှိခဲ့ဘူးပါတယ်။