ဖားကန့်် မြေစာပုံပြိုကျမှု ပျောက် ဆုံးနေသူတွေရှိ


2016.12.29
phakant-landslide-620.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ် အထက်မက်လင်ချောင်မှော်ရွာအနီးက ကျောက်စိမ်းနန်းတော်ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျနေတာကို ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo : Tin Hlaing

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အထက်မက်လင်ချောင်မှော်ရွာအနီးက ကျောက်စိမ်းနန်းတော် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံမှာ မနေ့ ညနေပိုင်းက မြေစာပုံပြိုကျလို့ တနိုင်တပိုင်ကျောက်စိမ်း တူးဖော်နေသူ ၃၀ ကျော်လောက် ရှိတယ်လို့ ဒေသခံတွေကပြောကြပေမယ့် အုပ်ချုပ်ရေးမှူးက ၂ ဦး ပျောက်ဆုံးနေကြောင်း ပြောပါတယ်။

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က  အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးကြောင်းနဲ့ သူတို့ ရရှိထားတဲ့စာရင်းအရတော့ ပျောက်ဆုံးနေသူ ၂ ယောက် ရှိကြောင်းပြောပါတယ်။

"ပျောက်ဆုံးတဲ့ စာရင်းရတာတော့ ၂ ယောက်ပဲရှိတယ်။ မြေစာပုံနားမှာ ဈေးရောင်းနေတဲ့ ဈေးတန်းက တစ်ယောက်ရယ်၊ နောက်အဲဒီမြေစာပုံနဲ့ အနီးဆုံးရှိတဲ့ရွာက ရေမဆေးရှာတဲ့ ရေမဆေးတစ်ယောက် ရယ်။ ဒဏ်ရာရတဲ့သူကတော့ ၃ ယောက်ရှိတယ်။ သူတို့ကတော့ သာမာန်ဒဏ်ရာ မစိုးရိမ်ရနဲ့ ဆေးရုံမှာ ၃ ယောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ ဆေးရုံကို သွားစရာမလိုဘဲနဲ့ ကျောက်ခဲစင်တာ၊ မှန်တာ ၊ ပြေးရင်းလွှားရင်းနဲ့ ပွန်းတာပဲ့တာလောက်နဲ့ကတော့ အဲဒါ ၇ ယောက် ၈ ယောက်လောက်တော့ ကျနော်တို့ သတင်းရထားတယ်"

ပြိုကျတဲ့ မြေစာပုံနေရာကို ဒီကနေ့မနက်ပိုင်းက ယာဉ်ယန္တရားတွေနဲ့ အသုံးပြုပြီး ရှာဖွေနေရာမှာ တစ်ယောက်ကိုမှ ရှာမတွေ့သေးကြောင်းနဲ့ လောလောဆယ်မှာ ရှာဖွေမှုကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

အဲဒီ မြေစာပုံပြိုကျတာဟာ ဒီဇင်ဘာ ၂၇ ရက်နေ့က မိုးရွာထားတဲ့အတွက် ပြိုကျတာလို့ခန့်မှန်းထားပြီး ထိခိုက် ဒဏ်ရာ ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေဟာ အထက်မက်လင်ချောင်ရွာကနေ ရေမဆေးကျောက်လာရှာ သူတွေဖြစ်ပါတယ်။

အခုမြေစာပုံပြိုကျတဲ့ နေရဟာဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က မြေစာပုံပြိုကျလို့ လူတစ်ရာကျော် သေဆုံးခဲ့တဲ့ ကန်ခမ်စုပေါင်းစွန့်ပစ်မြေစာပုံ အနီးမှာဖြစ်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ နိုင်ငံအနှံ့က လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ် သားတွေ နှစ်သိန်းလောက်ရှိပြီး မြေစာပုံနဲ့ ကျောက်တောင်ကမ်းပါးတွေမကြာခဏ ပြိုကျလို့ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။