ရခိုင်ပြည်နယ်မှာ စက်သုံးဆီနဲ့ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာ

2021.09.30
ရခိုင်ပြည်နယ်မှာ စက်သုံးဆီနဲ့ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က စက်သုံးဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Photo: RFA

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာစျေး၊ ရွှေစျေးနဲ့ စက်သုံးဆီစျေးနှုန်းတွေ တစ်နိုင်ငံလုံးမှာ စံချိန်တင်မြင့်တက်နေပြီး အလားတူ ရခိုင်ပြည်နယ်မှာလည်း ကုန်စျေးနှုန်းတွေနဲ့ စက်သုံးဆီစျေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေ ၅၀ ရာခိုင်နှုန်းကျော်လောက်အထိ စျေးတက် သွားသလို ပြည်ပထုတ်ကုန်တွေလည်း ၁၀၀ ရာခိုင်နှုန်းကျော်အထိ တက်သွားတယ်လို့ ရခိုင်စီးပွားရေး ဦးဆောင် အများပိုင် ကုမ္ပဏီလိမိတက် (REIC) ရဲ့ ဒုဥက္ကဋ္ဌ ဦးခင်မောင်ကြီးက RFA ကို ပြောပါတယ်။

ကုန်ပစ္စည်းတွေ စျေးအဆမတန်မြင့်တက်သွားတာကြောင့် ဒေသခံတွေ အခက်အခဲတွေများစွာ ရင်ဆိုင် နေကြရပြီလို့လည်း ဆိုပါတယ်။

စက်သုံးဆီစျေးကွက်မှာလည်း အာဏာမသိမ်းခင်က ဓာတ်ဆီ အောက်တိန်း 92 တစ်လီတာကို ၁၀၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပေမယ့် လက်ရှိ 92 တစ်လီတာကို ကျပ် ၁၅၀၀ ကျော်လောက်နဲ့ ဝယ်ယူနေရပြီး လမ်းဘေးဆီဆိုင်တွေမှာဆိုရင် တစ်လီတာကို ၁၇၀၀၊ ၁၈၀၀ ကျပ်လောက်အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီစျေး မြင့်တက်လာတာကြောင့် ကားခ၊ အငှားသုံးဘီးယာဉ်ခနဲ့ အခြား သွားလာရေးစားရိတ်တွေ မြင့်တက်လာပြီး အဆင်မပြေဖြစ်နေကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ဟာ အရင်ကတည်းက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ပြည်နယ်ဖြစ်ပြီး လက်ရှိ စစ်ရေးပဋိပက္ခတွေ၊ ကိုဗစ် - ၁၉ ကပ်ရောဂါအပြင် စစ်အာဏာသိမ်းမှုရဲ့ ရိုက်ခတ်မှုကိုပါ ထပ်မံခံစားနေရတာကြောင့် စီပွားရေးဟာ ၅၀ ရာခိုင်နှုန်း လောက်အထိ ကျဆင်းသွားတယ်လို့လည်း ဦးခင်မောင်ကြီးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။