ဘိုကလေး မြင်းကကုန်းရဲစခန်းမှာ ထိန်းသိမ်းခံထားရသူတစ်ဦး သေဆုံး
2020.08.10

တပ်မတော်ကနေ ဆေးပင်စင်နဲ့ မကြာသေးခင် လပိုင်းကမှ ပြန်ရောက်လာတဲ့ အသက် ၂၆ အရွယ် ကိုကျော်သက်ဦးဟာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ရက်အနည်းငယ်အတွင်းမှာပဲ သေဆုံးသွားတယ်လို့ ဖခင်ဖြစ်သူ ဦးဖိုးလုံးက RFA ကို ပြောပါတယ်။
သေဆုံးသူ ကိုကျော်သက်ဦးဟာ သြဂုတ်လ ၆ ရက်နေ့ညက အိမ်အနီးမှာ ရပ်ထားတဲ့ စက်လှေကိုယူပြီး တစ်ဘက်ကမ်း မြင်းကကုန်းရွာမှာရှိတဲ့ နာရေးကိုသွားခဲ့ရာမှာ စက်လှေပိုင်ရှင်က သူ့စက်လှေကို ယူသွားတဲ့အတွက် ဖမ်းချုပ်ပြီး မြင်းကကုန်းရဲစခန်းကို ပို့ခဲ့တာဖြစ်ပါတယ်။
စက်လှေပိုင်ရှင်က အိမ်ပြန်ရောက်လို့ ကိုကျော်သက်ဦး ဖခင်နဲ့ တွေ့အပြီးမှာ အမျိုးတော်စပ်သူဆိုတာ သိပြီး ရဲစခန်းထံ အမှုမဖွင့်လိုတော့ကြောင်း သွားရောက် အကြောင်းကြားပေမယ့် ရဲစခန်းက ဆက်လက် ထိန်းသိမ်းထားခဲ့တယ်လို့ ဦးဖိုးလုံးက ဆိုပါတယ်။
ရဲစခန်းကိုရောက်သွားတဲ့ သြဂုတ်လ ၆ ရက်နေ့ညကစပြီး မိသားစုနဲ့လည်း တွေ့ခွင့်မရသလို သြဂုတ်လ ၉ ရက်နေ့ မနေ့ မနက်ကမှ ဆေးရုံရောက်ရှိတာကို သိရသလို သေဆုံးပြီးမှပဲ ရုပ်အလောင်း ကြည့်ခွင့်ရခဲ့တယ်လို့ ဖခင်ဖြစ်သူ ဦးဖိုးလုံးက ပြောပါတယ်။
ကိုကျော်သက်ဦးဟာ လွန်ခဲ့တဲ့ လေးနှစ်လောက်က တပ်မတော်ထဲ ဝင်ရောက်ခဲ့သူဖြစ်ပြီး ခြေထောက်ဒဏ်ရာကြောင့် ဆေးပင်စင်နဲ့ အိမ်ပြန်ရောက်လာတာ တစ်လခွဲလောက်ပဲ ရှိသေးတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
သြဂုတ်လ ၁၁ ရက်နေ့ မနက်ဖြန်မှာတော့ ကိုကျော်သက်ဦးရဲ့ ရုပ်အလောင်းကို မြေချသင်္ဂြိုဟ်မှာဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိသားစုကို လိုက်ပါကူညီပေးနေတဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးစောဘန်ကူးက သေဆုံးသွားတဲ့ ကိုကျော်သက်ဦးရဲ့ ခန္ဓာကိုယ်မှာ ညိုမဲနေတဲ့ဒဏ်ရာတွေ တွေ့ရတယ်လို့ RFA ကို ပြောပါတယ်။ လက်တွေ ယောင်ကိုင်းနေပြီး လည်ပင်းမှာ နီညိုရောင် ဒဏ်ရာတွေ တွေ့တယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၈ ရက်နေ့ညက ရဲစခန်းအချုပ်ကနေ ပြန်လွတ်လာသူ ဦးသန်းမြင့်နဲ့ သူ့ကို သွားတွေ့သူတွေရဲ့ ပြောဆိုမှုတွေအရ ထိန်းသိမ်းခံရစဉ် နှိပ်စက်မှုတွေရှိတယ်လို့ သိရကြောင်း ဦးစောဘန်ကူးက ဆိုပါတယ်။
မြင်းကကုန်းရဲစခန်း စခန်းမှူး ရဲအုပ် ဇော်မျိုးထက်ကို RFA က ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာတော့ ကိုကျော်သက်ဦး သေဆုံးတာ မှန်ကန်ပေမယ့် နှိပ်စက်တယ် ဆိုတဲ့ ပြောဆိုမှုတွေဟာ မမှန်ကြောင်း၊ ဖြစ်စဉ်ကို သိလိုပါက လူကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားလှယ်တစ်ယောက်ယောက်ကိုလွှတ်ပြီး သတင်းလာယူနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
အခုလို သားဖြစ်သူ အဖမ်းခံရချိန်မှာ သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ဖို့အတွက် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ဧရာဝတီတိုင်း အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တွေကို ဆက်လက် တိုင်ကြားသွားမယ်လို့ ဦးဖိုးလုံးက ပြောပါတယ်။