ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ၅ ဦး စတင်ရွေးချယ်

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ပေးအပ် ချီးမြှင့်နေတဲ့ ဒုတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် နာမည်စာရင်း အဆိုပြုခံရသူ ရဟန်းရှင်လူ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း၂၀ ထဲက ဆန်ခါတင် ၅ ဦး သတ်မှတ် ရွေးချယ်ရေး အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု တဝန်းက မြန်မာမိသားစုတွေအကြား စတင် ဆောင်ရွက်နေပြီလို့ ဆုပေးပွဲ ကျင်းပရေး ကော်မတီဝင် စာရေးဆရာ ဦးထိန်လင်းက RFA ကို ဧပြီ ၁၈ ရက် မနေ့က ပြောပါတယ်။

2011.04.19
citizen_of_burma_fund_dance_305_z.png ၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ရန်ပုံငွေ ရှာဖွေရန် ဆန်ဖရန်စစ္စကိုမြို့တွင် မြန်မာနှင့် အာရှ ရသာစုံ ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၂၃ ရက်က ကျင်းပရာ ရိုးရာ အဆိုအကများဖြင့် ဖျော်ဖြေ တင်ဆက်နေပုံ ဖြစ်ပါသည်။ (Photo Courtesy of Moemaka)
Photo Courtesy of Moemaka

“စာရင်းပိတ်သွားတဲ့ အချိန်မှာ စုစုပေါင်း ၃၄ ဦးပေါ့နော်၊ ၃၄ ဦးဆိုတာ အဖွဲ့အစည်းလည်း အဲဒီထဲမှာပဲ ပေါင်းထည့်ထားတာပေါ့နော်။ အဲဒီကနေပြီးတော့ ၂၀ ကို ကျွန်တော်တို့ ရွေးထုတ်ပြီးတော့ ဒီမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကနေပြီးတော့ ဆန်ခါတင် ၅ ဦး ပြန်ရွေးရမှာ ဖြစ်ပါတယ်။”

“အခုတော့ ကျွန်တော်တို့ ၅ ဦး ရွေးတဲ့ အစီအစဉ်ကတော့ အခုကနေ စနေပြီပေါ့နော်။ စပြီဆိုတဲ့အခါကျ ကျွန်တော်တို့ ဒီမှာ အမေရိကားမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် မိသားစုတွေ ရှိတဲ့ မြို့တွေမှာပေါ့၊ ဝိုင်းလုပ်ကြတဲ့ စေတနာရှင်တွေရော နောက်ပြီးတော့ မြို့ခံ၊ ဒေသခံတွေ ဆီကပါ တတ်နိုင်သလောက် ဆန္ဒတွေ ကောက်ပြီးတော့ ၅ ဦးပေါ့။ အခုဆိုရင် စပြီး ရွေးပြီပေါ့နော်။”

“ရွေးပြီဆိုတော့ ကျွန်တော်တို့ လကုန်လောက်မှာ အဲဒီ အားလုံးကို ကျွန်တော်တို့ စာရင်းပြန်ပေါင်းတဲ့အခါမှာ အများဆုံးက ရွေးချယ်ထားတဲ့ ဆန်ခါတင် ၅ ဦးကို အွန်လိုင်းမှာတင်ပဲ မဲပေးတဲ့ စနစ်နဲ့ ကျွန်တော်တို့ ရွေးချယ်မှာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုဟာ မြန်မာနိုင်ငံတွင်းမှာ လူမှုရေးလုပ်ငန်းတွေ အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေကို နိုင်ငံတကာမှာ ရှိတဲ့ မြန်မာမိသားစုတွေက အင်တာနက် အွန်းလိုင်းကနေ မဲစနစ်နဲ့ ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။

လောလောဆယ် နာမည်စာရင်း အဆိုပြုခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ထဲမှာ သီတဂူဆရာတော် အရှင် ဉာဏိရ၊ တောင်ဒဂုံ အိတ်အိုင်ဗီစင်တာ တာဝန်ခံ မဖြူဖြူသင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့က ဦးမြင့်အေး၊ ကိုဇာဂနာ၊ ရခိုင်သဟာရအသင်းကြီးနဲ့ မူဆလင် ကုသိုလ်ဖြစ် ဆေးရုံတို့လည်း ပါဝင်ပါတယ်။

ဒီဆုကို မနှစ်က စတင်ပေးအပ်ခဲ့တာ ဖြစ်ပြီး ပထမဆုံးအကြိမ် ပြည်သူဂုဏ်ရည်ဆုရှင်အဖြစ် နာရေးကူညီမှု အသင်းခေါင်းဆောင် ဦးကျော်သူကို ရွေးချယ်ပြီး ဆုငွေ အမေရိကန်ဒေါ်လာ ၇ ထောင် ချီးမြှင့်ခဲ့ပါတယ်။ အခုနှစ်အတွက် ရွေးချယ်ခံရတဲ့ ပြည်သူ့ဂုဏ်ရည် ဆုရှင်ကို ဒေါ်လာ ၁ သောင်းအထိ တိုးမြှင့်ဂုဏ်ပြုဖို့ စီစဉ်ထားပြီး ဆုပေးပွဲကို ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ လာမဲ့ မေလ ၁၅ ရက်နေ့ ကျင်းပမယ်လို့ သိရပါတယ်။

ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ ကျင်းပရေး ကော်မတီဝင် စာရေးဆရာ ဦးထိန်လင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-04-22 20:59

thidagu sayardaw