ဆန္ဒပြလို့ အရိုက်ခံရသူများ အာဏာပိုင်တွေကို တရားစွဲ
2012.05.31

အရိုက်အနှက်ခံခဲ့ရသူ ၄ ဦးက ဒီကနေ့ ပြည်မြို့နယ် တရားရုံးမှာ သွားရောက် ဦးတိုက်လျှောက်ထားပြီး အမှုကို တင်သွင်းခဲ့ပါတယ်။
အမှုကို မနက်ဖြန်မနက် ၁၀ နာရီမှာ လာရောက်တင်သွင်းဖို့ တရားသူကြီး ဦးမြင့်ဆွေက ပြန်လည်ချိန်းဆိုလိုက်တယ်လို့ တရားစွဲဆိုရာမှာ ပါဝင်တဲ့ ကိုဇော်ထွန်းက အခုလိုပြောပြပါတယ်။
“တရားစွဲရတာ ခရိုင်ရဲမှူး ဦးသောင်းဝင်း၊ နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ကိုအောင်ကျော်ထက်၊ နောက်နယ်ထိန်း အင်ချပ် ဇော်မင်းနိုင် အဓိက ကတော့ သူတို့သုံးယောက်ပေါ့။ တရားရုံးတင်တဲ့ အခါကျတော့ တရားရုံးက ၂ နာရီမှ လက်ခံတယ်ဆိုပြီးတော့ ပြောတယ်။ နှစ်နာရီခွဲ လို့သူတို့ လက်မခံဘူးပေါ့။ အဲဒီသဘောပါ။ တရားသူကြီး ဦးမြင့်ဆွေကပြောတာ။ မနက်ဖြန် ပြန်ချိန်းတယ် ၁၀ နာရီပေါ့။ ဦးတိုက်လျှောက်မှာ လေးယောက်ပေါ့။ ကျွန်တော် အပါအဝင်ပေါ့”
တရားရုံးကို နေ့လည် ၂ နာရီကျော်မှ ရောက်ရှိတဲ့အတွက် အခုလို ပြန်လည်ချိန်းဆိုတာ ဖြစ်တယ်လို့ ကိုဇော်ထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က လျှပ်စစ်မီး ရရှိရေးအတွက် ဆန္ဒပြသူတွေကို လမ်းမတော်လမ်းနဲ့ ထွန်းသီရီ လမ်းထောင့်အနီးမှာ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ ရဲ တပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပြီး ဆန္ဒပြသူတွေကို ရိုက်နှက် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။