မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် ဒေသခံ များ တောင်းဆို


2013.09.30
myitsone-kachin-305.jpg မြစ်ကြီးနားမြို့ သီတာနှစ်ခြင်းအသင်းတော် ခန်းမဆောင်မှာပြုလုပ်တဲ့ မြစ်ဆုံရေကာတာ ရပ်ဆိုင်းထားခြင်း နှစ်နှစ်ပြည့်အခမ်းအနားမှာ ဖာသာရ်နော်ဒင်းကိုတွေ့ရစဉ်
photo: RFA/ Kyaw Myo Min

ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပြီး အဲဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့ တရုတ်နိုင်ငံက CPI ကုမ္ပဏီလည်း မြစ်ကြီးနားမြို့ကနေ အမြန်ဆုံးထွက်ခွာသွားဖို့ ဒေသခံတွေ က တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီနေ့ကျင်းပတဲ့ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းခြင်း ၂ နှစ်ပြည့် အခမ်းအနားမှာ ကက်သလစ်ဘုန်းတော်ကြီး နော်ဒင်းက အခုလို ပြောကြားခဲ့ပါတယ်။

"တရုတ်ကုမ္ဗဏီများ လက်လျော့ပါလို့၊ စိတ်လျော့ပါလို့၊ မမျှော်လင့်ပါနဲ့လို့၊ ဘာမှစိတ်မကူးနဲ့တော့လို့ ပြည်သူပြည်သားများက လုံးဝခွင့်ပြုမှာ မဟုတ်ဘူး၊ သူတို့ရဲ့ရုံးကိုလည်း ပိတ်ရမယ်၊ ဒီရုံးက ရေကာတာစီမံကိန်း ရပ်ဆိုင်းတာနဲ့အမျှ ဒီရုံးကိုပိတ်ရမယ်၊ မပိတ်ရင်သူတို့က တစ်ချိန်လုံးမနားမနေ လှုပ်ရှားသွားလာနေတယ်၊ ဒီလိုနိုင်ငံခြားသားတွေကို မထားသင့်ဘူး၊ ဒီမြစ်ဆုံစီမံကိန်းကိုပြပြီးတော့ မနေသင့်တော့ဘူး၊ ဒါကြောင့် သက်ဆိုင်ရာ ကချင်ပြည်နယ် အစိုးရအနေဖြင့် ဒီရုံးကိုပိတ်ပေးပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်"

အလားတူပဲ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတဲ့ ၂ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့မှာလည်း ကျင်းပခဲ့ပါတယ်။

၂၀၁၅ နှစ် ရွေးကောက်ပွဲအပြီး တက်လာမယ့်အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်း ပြန်ဆောက်သင့် ၊ မသင့်ကို ပြည်သူ့သဘောထားခံယူဖို့ လိုအပ်တယ်လို့ စိမ်းလန်းအမိမြေအဖွဲ့ ဥက္ကဌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက ရန်ကုန်မြို့  ကမာရွတ်မြို့နယ် စိမ်းလန်းအမိမြေရုံးခန်းမှာ ပြောခဲ့တာပါ။

"ဆောက်ချင်ရင်တောင်မှ ဆက်ပြီးစူးစမ်းလေ့လာမှုတွေ အများကြီးလိုသေးတယ်၊ အဲဒါတွေကလည်း နှစ်ပေါင်းများစွာလုပ်ရမယ်၊ အနည်းဆုံး သုံး၊ လေးနှစ်နဲ့မရဘူး၊ ဒီမှာလုပ်ထားတဲ့ တစ်ပတ်တို့၊ နှစ်ပတ်တို့နဲ့မရဘူး၊ အရင်ဆုံးဆောက်ချင်တယ်ဆိုရင် အဲဒါလေးကို အရင်ဆုံးလုပ်လိုက်ပါအုံးလို့၊ အဲဒါလုပ်သွားပြီးရင်တောင်မှ သူ့ဘာသာ ဘယ်လောက်ကောင်းပါတယ်၊ ဆိုးပါတယ်ပြောပြော လူတွေရဲ့ရွေးချယ်မှုက အဓိကပါပဲ၊ အဲဒါကြောင့် ပြည်သူတွေကြိုက်ရင်တော့ ဆောက်၊ မကြိုက်ရင်တော့ မဆောက်နဲ့၊ ပြည်သူတွေမကြိုက်ရင်တော့ ပြည်သူ့ဆန္ဒကို ပြကြရုံပဲပေါ့"

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိ အစိုးရသက်တမ်း  ၅ နှစ်အတွင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားကြောင်း ကြေညာထားခဲ့ပါတယ်။

RFA သတင်းထောက် ကိုမျိုးဇော်ကိုက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။