ဘန်ဒေါင်းမူကို လိုက်နာ သင့်တယ်လို့ အငြိမ်းစား မြန်မာ သံအမတ်ကြီး ပြော


2014.04.28
u-thein-sein-asean-cambodia-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင် မြို့တွင် ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေး၌ သမ္မတ ဦးသိန်းစိန် တက်ရောက်နေစဉ်။
AFP

လွန်ခဲ့တဲ့နှစ်ပေါင်း ၆ဝ က ချမှတ်ခဲ့တဲ့ ဘန်ဒေါင်း မူ ၅ ချက် ခေါ် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ဟာ နိုင်ငံတကာဆက်ဆံရေးမှာ အရေးကြီးတဲ့ စံချိန်စံညွှန်းတွေဖြစ်ပြီး၊ ဒီကနေ့အထိ နိုင်ငံတကာ အသိုင်းအဝန်းက လိုက်နာသင့်တဲ့မူတွေ ဖြစ်တယ်လို့ အငြိမ်းစား မြန်မာ သံအမတ်ကြီး ဦးစိန်ဝင်းအောင် က ပြောဆိုကြောင်း တရုတ်ပြည်ထုတ် Shanghai Daily သတင်းစာက ဖေါ်ပြပါတယ်။

၁၉၅၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ တောင်ပိုင်း ဂျာဗားပြည် နယ် မြို့တော် ဘန်ဒေါင်းမှာ ကျင်းပခဲ့တဲ့ညီလာခံ မှာ မြန်မာဝန်ကြီးချုပ် ဦးနု၊ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း ၊ အိန္ဒိယ ဝန်ကြီးချုပ် နေရူး တို့ ပူးပေါင်း အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် ကို ညီလာခံ က သဘောတူ အတည်ပြုခဲ့ ပါတယ်။

အဲဒီ ဘန်ဒေါင်းမူ ၅ ချက်မှာ နိုင်ငံတွေအနေ နဲ့ တစ်နိုင်ငံချင်း ရဲ့ ပိုင်နက် နယ်နမိတ် နဲ့ အချုပ်အခြာ အာဏာကို အပြန်အလှန် လေးစား အသိအမှတ်ပြုဖို့၊ မကျူးကျော်ဖို့၊ သူတပါးပြည်တွင်းရေး ဝင်မစွက်ဖို့၊ အပြန်အလှန် အကျိုးတူ သာတူညီမျှ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ကြဖို့ ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

ဘန်ဒေါင်းမူ ၅ ချက်ကို မြန်မာက စတင်ဦးဆောင် တင်သွင်းခဲ့တာဖြစ်လို့ ဂုဏ်ယူကြောင်း၊ အဲဒီအချက်တွေဟာ ဟာ ဒီကနေ့အထိ အသက်ဝင်နေသေးကြောင်း၊ ဒီမူတွေအတိုင်း လိုက်နာကြမယ် ဆိုရင် ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုး တက်ရေးကို မြှင့်တင်နိုင်မှာဖြစ်ကြောင်း တရုတ် မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ၊ အငြိမ်းစား မြန်မာ သံအမတ်ကြီး ဦးစိန်ဝင်းအောင် က တရုတ် အစိုးရ ဆင်ဝှာသတင်းဌာနက တွေ့ဆုံ မေးမြန်းရာမှာ ပြောကြားခဲ့ ပါတယ်။

ဦးစိန်ဝင်းအောင်ဟာ လာအို နဲ့ တရုတ် သံအမတ်ဟောင်းဖြစ်ပါတယ်။ တရုတ်အစိုးရဟာ အခု လတ်တလောမှာ ပင်လယ်ပြင်ရေပိုင်နက် ကိစ္စ နဲ့ ပတ်သက်ပြီး၊ အာဆီယံ ဒေသတွင်း နိုင်ငံတွေ နဲ့ အငြင်းအခုန် ပြဿနာတွေ ဖြစ် ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။