လယ်မြေရေရရှိရေး တိကျပြတ်သားတဲ့ ညွှန်ကြားချက် လိုအပ်

ခင်မောင်စိုး
2021.01.05

ဝါးခယ်မမြို့နယ် ကျုံပတုပ်ဝကျေးရွာအုပ်စုမှာရှိတဲ့ အမှတ် ၄ စီမံကိန်းတူးမြောင်းအတွင်းမှာ အင်းလေလံ ရထားသူက ငါးဖမ်းဖို့ ချထားတဲ့ပစ္စည်းတွေကို ဒေသခံ လယ်သမားတွေက ဒီဇင်ဘာ ၁ဝ ရက်နေ့က သွားရောက်ဖယ်ရှားခဲ့တဲ့အတွက် ဒေသန္တရ ထုတ်ပြန်ချက်ဖောက်ဖျက်မှု ပုဒ်မ ၁၈၈ နဲ့ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက တရားစွဲခဲ့ပါတယ်။

တရားစွဲခံနေရတဲ့ လယ်သမား ၃၂ ဦးထဲမှာပါဝင်သူ ဘလေးကျေးရွာသူ မသန်းသန်းမိုးက အဲဒီတူးမြောင်းဟာ သူတို့ လယ်သမားတွေအတွက် တူးထားတာဖြစ်တယ်လို့ ပြောပါတယ်။

“လယ်သမားနဲ့ အစိုးရ ပေါင်းတူးလိုက်တော့ ဒါ ဆည်မြောင်းဦးစီးအရာရှိရဲ့ ထိန်းသိမ်းမှုအောက်မှာ ရောက်သွားတယ်။ အဲဒီ အမှတ် ၄ စီမံကိန်းတူးမြောင်းက အကျယ်ကြီးပဲ။ သူတို့ ပိတ်ဆို့ထားလို့ သွားလို့မရတာ။ အင်းသားကြီးတွေက ပိတ်ဆို့ထားတယ်။ ရေစီးရေလာအား မကောင်းလို့ လယ်ဧက ထောင်ကျော် ရေနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးနေတယ်။ ရေရရှိရေး သွားရေးလာရေး ကောက်လှိုင်းတိုက်တာကအစ အဆင်ပြေမှု မရှိလို့ ကျမတို့ ဖယ်တာ”

အခုလို တူးမြောင်းအတွင်း အင်းသူကြီးက ပိတ်ဆို့ထားတာတွေကို ဖယ်ရှားပေးဖို့ လယ်သမားတွေက ဆည်မြောင်းဦးစီးဌာနကို တင်ပြခဲ့ပါတယ်။ ဆည်မြောင်း ဦးစီးကလည်း ဖယ်ရှားခိုင်းခဲ့တယ်လို့ တောင်သူလယ်သမား အကျိုးဆောင် ဦးဇော်ရမ်း က ပြောပါတယ်။

“ဆည်မြောင်းဦးစီးက တပတ်အတွင်း ဖယ်ပါဆိုပြီး စာထုတ်ပြီး အင်းသူကြီးကို ဖယ်ခိုင်းလိုက်တယ်။ အင်းသူကြီးက မဖယ်ဘူး။ မဖယ်တဲ့အခါ လယ်သမားတွေက သူတို့ကိုယ်တိုင်ဆင်းပြီး ဖယ်မယ်ဆိုပြီး ဆည်မြောင်းဦးစီး ပြန်တမ်းဝင်အရာရှိရဲ့ လက်မှတ်နဲ့စာကို ဆိုင်းဘုတ်ကြီးထောင်ပြီး ကြေညာတယ်။ ဝါးခယ်မက ဌာနဆိုင်ရာတွေကို အကြောင်းကြားတယ်။ ဒါပေမဲ့ မဖယ်တဲ့အတွက် လယ်သမားတွေက ဆင်းပြီး ဖယ်တာ။ နောက်ဆုံး ထွေအုပ်က လယ်သမားတွေက လူအုပ်စုနဲ့ လုပ်တယ်ဆိုပြီး တရားစွဲတာ။ လယ်သမားတွေက အခု တိုင်းဒေသကြီးအစိုးရကိုရော နိုင်ငံတော်ကိုရော စာတင်ထားတယ်။ လယ်သမားတွေရဲ့ စပါးပျက်တာက ဧက ၁ ထောင်ကျော်နဲ့တွက်ရင် ကျပ်သိန်းပေါင်း သောင်းချီ နစ်နာတယ်။ အင်းလေလံ တနှစ်ရတဲ့ သိန်း ၉ဝ နဲ့ ဆိုရင် နောင်မှာဒါမျိုး မဖြစ်အောင် စဉ်းစားဖို့ နိုင်ငံတော်က လိုပြီ။ နောက် အခုဖြစ်တဲ့ ရေလမ်းကြောင်းတွေ အားလုံးကလည်း တကယ့်တကယ်ကျတော့ အင်းလေလံ ရေလမ်းကြောင်းမဟုတ်ဘူး။ ဆည်မြောင်းဦးစီး ရေလမ်းကြောင်း ဖြစ်တဲ့အတွက် ဆည်မြောင်းဦးစီး ကိုယ်တိုင် လက်မှတ်ထိုးပြီး အင်းကို ဖယ်ခိုင်းထားတာ အင်းသူကြီးကို။ အဲဒါ မဖယ်လို့ အခုအခြေအနေထိ ဆိုက်ရောက်တာ”

အခုလိုဖြစ်ရတာဘာကြောင့်လဲ။ ဝါးခယ်မမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးက-

“နဂို အင်းပိုင်တဲ့ နေရာတွေ ရှိတယ်။ အဲဒါတွေကလည်း ခေတ်တွေပြောင်းတော့ နေရာသတ်မှတ်ချက်တွေ မရှိတော့ဘူး။ ဆည်မြောင်းအသစ်တွေ ဖောက်တော့ အဲဒီနေရာတွေက ရောထွေးပြီး ရှုပ်ကုန်တာ။ အင်းလေလံတွေ ပစ်ကတည်းက သူတို့ရဲ့ပိုင်နက်တွေကို ရှင်းရှင်းလင်းလင်းထုတ်ပြန်ပေးထားရမှာ။ ဒါနဲ့ ပတ်သက်ပြီး ဆည်မြောင်းဦးစီးဌာနနဲ့ ငါးလုပ်ငန်း နဲ့ ပေါင်းပြီးထုတ်ရမှာ။ မြို့နယ်မှာရှိတဲ့ ငါးလုပ်ငန်းနဲ့ ဆည်မြောင်းဦးစီးကို ကျနော် အကြံပြုထားပါတယ်။ ဒီ ဆည်မြောင်းနဲ့ ငါးလုပ်ငန်း ရောယှက်တဲ့ နေရာတွေကို လေလံမပစ်ခင် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပေးဖို့။ ဆိုလိုတာက ဒီနေရာသည် ဆည်မြောင်းက စီမံခန့်ခွဲမယ်။ ဒီနေရာမှာ ပိုက်ချက်တို့ ယင်းတို့ မတားရဘူး။ ဒါ အင်းသားကြီးက လေလံဆွဲရင် ဒါမပါရဘူး။ အဲဒီလို သတ်သတ်မှတ်မှတ် ရှိမှသာ နောက်ပိုင်း အရှုပ်အရှင်း ကင်းမယ်။ ကျနော်တို့က ကိုယ့်မဲဆန္ဒနယ် ဆိုတော့ ပစ်မထားပါဘူး။ တရားရုံးရောက်တဲ့ ကိစ္စမျိုးတွေလဲ ဖြေလျှော့မှု ရှိအောင်တော့ လိုက်ကြိုးစားပေးရမှာပေါ့။ စွဲတဲ့အမှုကို တကယ်တမ်း ခံရတာက လယ်သမားတွေ ခံရတာ။ ကျနော်က အဲဒီလိုကို မဖြစ်စေချင်တာ။ စွဲခံရတယ်ဆိုရင် တည်ဆဲဥပဒေနဲ့ ဘောင်ဝင်သွားတာပဲ။ ဖြေရှင်းတာကနောက် လောလောဆယ် ဒုက္ခတွေေ ရောက်ကုန်တာပေါ့ ဝရမ်းပြေးတွေ ဘာတွေ ဖြစ်ကုန်တာပေါ့။”

အခု တရားစွဲခံနေရတဲ့ လယ်သမား ၃၂ ဦးအမှုအတွက် ဝါးခယ်မ တရားရုံးမှာ ဒီကနေ့ ရုံးချိန်းရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။