ငြိမ်းချမ်းရေးအတွက် မသန်စွမ်းတွေ စုပေါင်းချီတက်ပွဲ စတင်


2017.02.15
peace-disabled-group-620.jpg ငြိမ်းချမ်းရေးအတွက် မသန်စွမ်းသူတွေ စုပေါင်းပြီး ဘီးတပ်ကုလားထိုင်တွေနဲ့ မြစ်ကြီးနားမြို့ကနေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ချီတက်လာစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် မြစ်ကြီးနားကနေ နေပြည်တော်အထိ မသန်စွမ်းသူတွေ စုပေါင်းပြီး ဘီးတပ်ကုလားထိုင်တွေနဲ့ ငြိမ်းချမ်းရေးအတွက် ချီတက်လှုပ်ရှားမှုကို ဒီကနေ့ စတင်လိုက်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေးအတွက် တစ်ဖက်တစ်လမ်းက ဆောင်ရွက်ကြတာနဲ့ ပတ်သက် ပြီး ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ချီးကျူးကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင် က ပြောကြားခဲ့ပါတယ်။

"Wheel Chair ရထားအစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ ငြိမ်းချမ်းအရေးအစီအစဉ် နောက်တခုက ၂၁ ရာစုပင်လုံညီလာခံ အကြိုအတွက် ကျနော်တို့က လှုပ်ရှားခြင်းဖြစ်ပါတယ်"

အဲဒီလှုပ်ရှားမှုကို ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့က ဦးဆောင်ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူတွေ၊ ဉာဏ်ရည်မသန်သူ၊ နားမကြားသူနဲ့ အမြင်အာရုံချို့တဲ့သူတွေ၊ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ အနုပညာရှင်တွေနဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ လည်း လိုက်ပါခဲ့ကြပါတယ်။

ကိုယ်အင်္ဂါမသန်စွမ်းသူတွေ အသုံးပြုတဲ့ ဘီးတပ်လှည်းတွေမှာ " တို့လိုချင်တဲ့ ငြိမ်းချမ်းရေး နှုတ်က ဖွင့်ဟပြော ကြားပေး " ဆိုတဲ့ စာတမ်းတွေကို လွှင့်ထူထားကြပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ မြစ်ကြီးနားမြို့ကနေ စတင်ထွက်ခွာပြီး မိုးကောင်းမြို့မှာ ညအိပ် ရပ်နားမှာဖြစ်ပါတယ်။ နောက် ရက်တွေမှာ မိုးညှင်း၊ မော်လူး၊ ကသာ၊ ထီးချိုင့်၊ တပ်ကုန်း၊ ပျဉ်းမနား စတဲ့ မြို့ပေါင်း ၁၀ မြို့ကျော်မှာ ရပ်နားပြီး ပန်းတိုင်အဖြစ် နေပြည်တော်က ဒုတိယအကြိမ်၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ့်နေရာအထိ ချီတက်သွား မှာဖြစ်ပါတယ်။

လမ်းတလျှောက်ရပ်နားရာမြို့တွေမှာ ငြိမ်းချမ်းရေးပိုစတာစိုက်ထူတာတွေ၊ တေးဂီတဖျော်ဖြေတာတွေ အပါအဝင် ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ လူထုအသိပညာပေးလှုံ့ဆော်မှုတွေကို စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လှုပ်ရှားမှုကို ရန်ကုန်မျက်မမြင်ကျောင်းနဲ့ မြစ်ကြီးနားမျက်မမြင်ကျောင်းတို့က ပူးပေါင်း အကောင် အထည်ဖော်တာဖြစ်ပြီး အေးမေတ္တာ မသန်စွမ်းရိပ်သာနဲ့အတူ အစိုးရ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ကူညီခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။