မြစ်ကြီးနားကနေ ချီတက်လာတဲ့ ငြိမ်းချမ်းရေးတွဲလက်များ အဖွဲ့ နေပြည်တော်ရောက်ရှိ


2017.02.27
disable-marchers-620.jpg မြစ်ကြီးနားကနေ ချီတက်လာတဲ့ ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နေပြည်တော်ကိုရောက်ရှိစဉ်
Photo: Win Naung Toe/ RFA

၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ မြစ်ကြီးနားမြို့ကနေ ဘီးတပ်ကုလားထိုင်တွေနဲ့ ချီတက်လာတဲ့ ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိလာပါတယ်။

ညီလာခံကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တာကြောင့် ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ရဲ့ အစီအစဉ်ကို ပြောင်းလဲ လိုက်ကြောင်း အဖွဲ့ခေါင်းဆောင် သိက္ခာတော်ရဆရာ ဦးသိန်းလွင် က ပြောပါတယ်။

"မူလရည်ရွယ်တာက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဦးတည်ပြီးတော့ ချီတက်လာတာ အခုမစသေးတဲ့ အတွက် ကျနော်တို့ အဲဒီကိုတက်ဖို့အတွက် နောက်ကျော့ပြန်ရှိနိုင်မယ်"

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြီးအဆုံးသတ်ဖို့ ၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှု စားပွဲဝိုင်းမှာ ညှိနှိုင်း အဖြေရှာဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ စတဲ့ တောင်းဆိုမှုတွေ နဲ့ ချီတက်လာတာဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ မူလက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ၂၁- ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအမီ လာရောက်ကြတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရရှိဖို့ တင်ပြထားတယ်လို့လည်း အဖွဲ့ခေါင်းဆောင် ဦးသိန်းလွင် က ပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ကနေ နေပြည်တော်အထိ ဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက်မှာ ငြိမ်းချမ်းရေး အတွက် ပြည်သူလူထုထံက လက်မှတ်တွေ ကောက်ခံခဲ့ပြီး ငြိမ်းချမ်းရေးညီလာခံထံ တိုက်ရိုက်တင်ပြဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးတွဲလက်များ အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က စတင်ပြီး မြစ်ကြီးနား မြို့ကနေထွက်ခွာလာ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။