မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မယ်တော်ဆေးခန်း လေ့လာ
2012.06.27

မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ် ရေးဝန်ကြီး ဦးခင်ရီနဲ့ အဖွဲ့က မယ်တော်ဆေးခန်းက သားဖွားဌာန၊ မျက်စိဌာနနဲ့ လူနာဆောင်တွေကို လှည့်လည်ကြည့်ရှုုပြီး ဝန်ကြီး ဦးခင်ရီက ဖျားနာဆောင်က လူနာတွေကို ငွေကြေးအကူပေးခဲ့သလို ဝန်ကြီးဦးအောင်မင်းက မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်ကို ဆေးခန်းအတွက် ထိုင်းဘတ်ငွေ တစ်သိန်းခွဲ လှူဒါန်းခဲ့ပါတယ်။
မယ်တော်ဆေးခန်း တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း (၂၃) နှစ်အတွင်း မြန်မာအစိုးရ တာဝန်ရှိ အဆင့်မြင့်ပုဂ္ဂိုလ်တွေ အခုလို ဆေးခန်းကို လာရောက်ကြည့်ရှုတဲ့အတွက် နယ်စပ်ဖြတ်ကျော်ပြီး ဆေးကုနေရတဲ့ မြန်မာပြည်သား လူနာတွေနဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေသာမက စခန်းအပြင်က ဒုက္ခသည်တွေရဲ့ အခြေအနေတွေကိုပါ ပိုမိုသိရှိသွားတယ်လို့ ဒေါက်တာစင် သီယာမောင်က ပြောပါတယ်။
“ကျွန်မတို့နဲ့ ဒီမှာတွေ့ရှိသွားတဲ့ အခါကြတော့ မြန်မာပြည်သား လူနာတွေနဲ့ ပတ်သက်ပြီးတော့ ဒါ အစိုးရတွေရဲ့ တာဝန်ရှိမှုတွေကိုပေါ့နော်။ ပိုပြီးတော့သိရှိသွားတဲ့ အခါကြတော့ ဆိုလိုတာ ဒုက္ခသည်စခန်းအပြင်မှာ လျှံနေတဲ့ လူထုတွေလည်းရှိနေတယ်။ နောက်တော့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးစောင့်ရှောက်မှုတွေက ထိုင်းနိုင်ငံထဲမှာ ဖြတ်ကျော်ပြီးတော့ လူနာတွေ ဒီဘက်ကို လာနေရတယ်ဆိုတာကို သူတို့ ကိုယ်တွေ့ကိုယ်ကျ သိသွားတဲ့အခါ အစိုးရတရပ်အနေနဲ့ ဒီကျန်းမာရေးစနစ်နဲ့ ပညာရေးစနစ် ပြန်လည်ထူထောင်တဲ့အခါမှာ ဒီနယ်စပ်ဒေသရဲ့ ဖွံဖြိုးရေးတွေ ဆောင်ရွက်တဲ့အခါကြတော့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိုင်းအစိုးရနဲ့ ဆွေးနွေးနိုင်မယ်လို့ ထင်တယ်လေ”
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ အခုထိုင်းနိုင်ငံ ခရီးစဉ်အတွင်း အဖွဲ့အစည်း (၁၄) ခုနဲ့တွေ့ဆုံခဲ့ပြီး ပြည်ပရောက်နေတဲ့ ပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေကို ပြည်တွင်းပြန်လာပြီး အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ သမ္မတရဲ့ ညွန်ကြားချက်အတိုင်း ဆွေးနွေးတာဖြစ်ကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောပါတယ်။
“ကျွန်တော် ဒီတခေါက်လာတဲ့ခရီးစဉ်က ဒီမှာလာပြီး သမ္မတကြီး ညွန်ကြားချက်ကို လိုက်ပြောတာပေါ့ဗျာ။ နိုင်ငံတော်မှာ ခေတ်ပြောင်းသွားပြီ၊ စနစ်ပြောင်းသွားပြီ။ ဒီမိုကရေစီလမ်းကြောင်းပေါ် တက်နေပြီ။ အရင်တုန်းက စနစ်ကြောင့်မို့လို့ လုပ်လို့မရတာတွေ အခုလုပ်လို့ရနေပြီ။ ဘာလို့ အပြင်မှာသွားလုပ်နေမှာလဲ။ အထဲမှာ ပူးပေါင်းလုပ်တော့ အားတခုဖြစ်တာပေါ့။ အခုကတော့ ကျွန်တော်က နားလည်အောင် ပြောပြခဲ့တာပေါ့။ ဆုံးဖြတ်တာတော့ သူတို့အပေါ်မှာ မူတည်တာပေါ့။ နားလည်မယ်လို့လည်း ထင်တာပေါ့။ အဲတော့ သူတို့ပြန်လာမယ်ဆိုရင် ကျွန်တော် အကူအညီပေးမှာပေါ့။ အဖွဲ့အားလုံး (၁၄) ဖွဲ့လောက်ရှိမှာပေါ့ဗျာ။ အကုန်လုံးကိုတွေ့တယ်။ ဘာမှကန့်သတ်ချက် မရှိဘူး”
မယ်တော်ဆေးခန်း အနေနဲ့တော့ ထိုင်း-မြန်မာနယ်စပ်မှာ ရွှေ့ပြောင်း မြန်မာပြည်သားတွေ ရှိနေသေးသရွှေ့အဲဒီလူတွေအတွက် ကျန်းမာရေး၊ ပညာရေး၊ ခလေးတွေရဲ့ မွေးစာရင်း စတဲ့ ခလေးအခွင့်အရေး ဆိုင်ရာတွေကိုပါ ထိုင်းအစိုးရ အပါအဝင် NGOs အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်း လုပ်ဆောင်နေဦးမှာဖြစ်ကြောင်း ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။
ဒီအကြောင်းအသေးစိတ်ကို အာအက်ဖ်အေ သတင်းထောက် ကိုမိုးကျော် သတင်းပေးပို့ထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |
ဘန်ကောက်မြို့ကို ဒီကနေ့ နေ့လည်မှာ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ရထားဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ပအိုဝ်းလွတ်မြောက်ရေးအဖွဲချုပ် (PNLO)၊ ထိုင်း မြန်မာနယ်စပ် ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့ (TBBC) ၊ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) (HREIB) နဲ့ ဒေါက်တာ သောင်းထွန်းတို့ကို Grand Four Wings ဟော်တယ်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မြတ်စိုးသတင်း ပေးပို့ထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |