အစိုးရနဲ့ KIO တို့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖေဖော်ဝါရီအတွင်း ကျင်းပမည်


2019.01.25
peace-commission-622.jpg UWSA , NDAA , SSPP , KIO , AA , TNLA , MNDAA ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ နေပြည်တော်မှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်
Photo: Hla Maung Shwe - facebook

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ တရားဝင် ဆွေးနွေးဖို့ရှိတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် PCG က ဦးဆန်းအောင်က RFA ကို ပြောပါတယ်။

မြန်မာပြည်တွင်းတစ်နေရာမှာ ကျင်းပဖို့ရာထားပြီး ဘယ်နေရာမှာကျင်းပမယ်ဆိုတာကိုတော့ အတည်မပြုရသေးဘူး လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ မပါဝင်ဘူးဆိုရင်တောင် လေ့လာသူတွေအနေနဲ့ တက်ရောက်ခွင့် ရနိုင်မယ်လို့လည်း ဦးဆန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ကချင်နဲ့ ရှမ်းပြည်နယ်ထဲက စစ်တိုင်းကြီး ၅ ခု တို့မှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ၄ လတာ ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပြီး တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ပိုင်း NCA လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေကို အကောင်အထည်ဖော်လာတာ ဖြစ်ပါတယ်။

NCA လက်မှတ်မထိုးထားရသေးတဲ့ KIO /KIA အဖွဲ့ဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုပုံစံနဲ့ ရှေ့ဆက်ဖော်ဆောင်မလဲဆိုတာနဲ့ NCA လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်လက်ပါဝင်လာနိုင်ရေး အချက်တွေကိုအခြေခံပြီး ဆွေးနွေးဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

အခုတွေ့ဆုံကြမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေနဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့က ဦးဆန်းအောင်က အခုလို ပြောပါတယ်။

"ဟုတ်ပါတယ် ဖေဖော်ဝါရီလထဲမှာဖြစ်လာပါမယ်၊ တရားဝင် ဆွေးနွေးပွဲဖြစ်လာမှာပါ၊ ဘယ်နေရာ ဘယ်မြို့မှာ အတိအကျမပြောနိုင်သေးလို့ ပြည်တွင်းတစ်နေရာမှာဖြစ်မှာပါ၊ နှစ်ဖက်သဘောထားပေါ်မှာ မူတည်ပါတယ်၊ တစ်ဖွဲ့တည်းလည်းဖြစ်နိုင်သလို မြောက်ပိုင်းမဟာမိတ် အားလုံးပေါင်းလည်း ဆွေးနွေးနိုင်ပါတယ်၊ တစ်ဖွဲ့တည်း ဆိုရင်တော့ ကျန်တဲ့အဖွဲ့တွေက လေ့လာသူအဖြစ်ဖြစ်လာမှာပါ၊ ဘယ်လိုဆိုတာက မသိသေးဘူးခင်ဗျ၊ နှစ်ဖက်ခေါင်းဆောင်ဆိုတာက အစိုးရဖက်ကလည်း တာဝန်ရှိတဲ့သူ တပ်ဖက်ကလည်းတာဝန်ရှိတဲ့သူ ဟိုဖက် ကလည်း ဆွေးနွေးရေးအတွက် ရွေးချယ်ထားတဲ့သူ အဲလိုပဲဆွေးနွေးကြမှာပါ အခုအချိန်ကစောသေးတော့"

တွေ့ဆုံဖို့အတွက် နှစ်ဖက်ကိုယ်စားလှယ်တွေက သဘောတူထားပြီးဖြစ်ကြောင်း အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

"အကြမ်းဖျဉ်းတော့ ကျနော်တို့ နောက်ထပ်တွေ့ဖို့ သဘောတူထားပါတယ်၊ ဘယ်နေ့ဖြစ်မလဲဆိုတာတော့ ညှိုနှိုင်းနေဆဲပါ၊ ပြည်တွင်းမှာတွေ့ဖို့တော့ ကျနော်တို့ တင်ပြခဲ့ပါတယ်၊ သူတို့လည်း သူတို့ဖက်မှာ အစည်းအဝေးတွေလုပ်ဦးမှာ၊ ကျနော်တို့ အစိုးရဖက်ကတော့ ပြဿနာမရှိပါဘူး၊ နေပြည်တော် ဖြစ်ဖြစ် ရန်ကုန်ဖြစ်ဖြစ်ပေါ့"

ဒီတစ်ခေါက်တွေ့ဆုံပွဲမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့စလုံးလည်းဖြစ်နိုင်သလို တစ်ကယ်လို့ KIO /KIA တစ်ဖွဲ့တည်း ဆိုပါကလည်း ကျန်မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက လေ့လာသူအနေနဲ့ တက်ရောက်နိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့ လက်ရှိရခိုင်ပြည်မြောက်ပိုင်းဘက်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ တိုက်ပွဲတွေဆက်ဖြစ်နေဆဲပဲမို့ AA အဖွဲ့တော့ တက်ရောက်ဖို့လမ်းမမြင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

KIO /KIA နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ရဲ့ အခုလို တရားဝင်ဆွေးနွေးပွဲအပေါ် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင်က အခုလို သုံးသပ်ပြောပါတယ်။

"တပ်မတော်က တစ်ဖက်သက်စစ်ရပ်စဲမှု ကြေညာထားတဲ့အပေါ်မှာ ဖြစ်လာတဲ့အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ ပြောစရာဆိုစရာရှိပါလိမ့်မယ်၊ နောက်တစ်ခုကတော့ AA နဲ့ပတ်သက်တဲ့ လွတ်လပ်ရေးနေ့ လှုပ်ရှားမှု ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူးပြောဆိုမှုတွေပေါ့ဗျာ၊ အဲဒီထဲကပြဿနာတွေ တော်တော်များများတော့ ဆွေးနွေးကြလိမ့်မယ်ထင်ပါတယ်၊ ခွဲထွက်ခွင့်ပြဿနာ၊ လုံခြုံရေးပြဿနာ၊ ကွန်ဖက်ထရေးရှင်းကို ဘယ်လိုသဘောထားလဲ ဆိုတဲ့ကိစ္စတေ၊ွ အကြမ်းဖျဉ်းညှိနှိုင်းကြလိမ့်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်ဗျ၊ ဘိုင်လက်ထရယ် စကားပြောပြီးတော့ NCA ထိုးမထိုးဆိုတာကို ညှိကြမယ်လို့တော့ ထင်တာပဲဗျ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့ဆိုတဲ့ကိစ္စမှာ အကောင်းဖက်ကနေပြီးတော့ မြောက်ပိုင်းအဖွဲ့ NCA ထဲဝင်လာဖို့ မျှော်လင့်နေတာကို အဲဒီကြားထဲက AA က အခု ဝင်ပြီးတော့ ဖောက်လိုက်တဲ့အခါကျတော့ ပျောက်ဆုံးမလိုဖြစ်နေတဲ့အတွက် KIA နဲ့ NCA ကိစ္စကို ပြန်ဆည်တင်နိုင်လိမ့်ရင်တော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အလားအလာကောင်းလေးတွေ မြင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

KIA အနေနဲ့ မြောက်ပိုင်းအဖွဲ့တွေဖြစ်ကြတဲ့ ကိုးကန့် MNDAA၊ ပလောင် TNLA နဲ့ ရခိုင် AA တို့ရဲ့ ခေါင်းဆောင်ဖြစ်တာမို့ ဒီဆွေးနွေးပွဲကနေတဆင့် အဖွဲ့အားလုံး NCA လမ်းကြောင်းပေါ် ပါဝင်လာနိုင်ဖို့ မျှော်လင့်မိတယ်လို့ သုံးသပ်ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။