ငြိမ်းချမ်းရေးကော်မရှင် နဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေ တေ့ွဆုံမည်
2016.12.24
အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ဒီလကုန်လောက် မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ပြော ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲအတွက် အသေးစိတ်ညှိနှိုင်းနေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး က ပြောပါတယ်။
"ကျနော်တို့တော့ ဘယ်လိုပြောမလဲဗျာ။ ဒီမှာညှိနှိုင်းနေဆဲပေါ့။ ဘယ်လိုတွေ့မလဲဆိုတာ။ သူတို့ကတော့ အကုန်ပေါင်းတွေ့မယ်လို့ ကြေညာချက် ထုတ်ထားတယ်။ ကျွန်နော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ၂၈ ရက်နေ့ထွက်မှာပါ။ သွားတွေ့မှာ ဘယ်လိုတွေ့ဆုံမလဲ ဆိုတာကတော့ ကျနော်တို့ ဒီမှာညှိနှိုင်းနေဆဲရှိပါသေးတယ်"
အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေလည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ပေမယ့်လည်း ညှိနှိုင်းမှု အဆင်မပြေတာကြောင့် တွေ့ဆုံပွဲ ပျက်သွားခဲ့ပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကို တစ်ဖွဲ့ချင်းတွေ့ဖို့ ကမ်းလှမ်းပေမယ့် မြောက်ပိုင်းမဟာမိတ် တပ်တွေကတော့ အားလုံးစုပေါင်းတွေ့ဆုံမှသာ လက်ခံဆွေးနွေးမယ်ဆိုပြီး ပြန်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဒီဇင်ဘာ လလယ်ပိုင်းမှာတော့ ကော်မရှင်က နောက်ထပ်တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပြီး မြောက်ပိုင်း မဟာမိတ်တပ်တွေဘက်က အားလုံးစုပေါင်းတွေ့ဆုံမယ့်အပြင် တရုတ်အစိုးရကို သက်သေအဖြစ်ထားပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပါ ပါဝင် တွေ့ဆုံဆွေးနွေးဖို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မှာ ကချင်၊ ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ စုပေါင်းဖွဲ့စည်း ထားတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတိုင်းရင်း သားတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။