တစ်လအတွင်း PDF နဲ့ ပကဖ ခြောက်ဦးကို အရေးယူခဲ့ကြောင်း NUG ထုတ်ပြန်

RFA Burmese
2024.11.16
တစ်လအတွင်း PDF နဲ့ ပကဖ ခြောက်ဦးကို အရေးယူခဲ့ကြောင်း NUG ထုတ်ပြန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ခုံရုံးတရားစီရင်ရေးတစ်ခုအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည့်ပုံ။
Ministry of Defence – NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဝင် ခြောက်ဦးကို အောက်တိုဘာလအတွင်း အရေးယူခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ PDF တွေနဲ့ ပကဖ တွေကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းအရေးယူမှုတွေ ဆောင်ရွက်နေပြီး ခြောက်ဦးကို ထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

အကျဉ်းစစ်တရားရုံး စစ်ဆေးတာနဲ့ စစ်ခုံရုံးက စစ်ဆေးပြီး PDF နှစ်ဦးကို ထောင်ဒဏ်အပြစ်ပေးခဲ့သလို စုံစမ်းစစ်ဆေးရေးခုံရုံး စစ်ဆေးပြီး ပကဖ လေးဦးကိုလည်း အရေးယူခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲလေးဦးထဲက တစ်ဦးကို ရာထူးက ထုတ်ပယ်တာ၊ နှစ်ဦးကို တာဝန်ကနေ ခြောက်လရပ်ဆိုင်းတာ တစ်ဦးကို စာနဲ့ သတိပေးအရေးယူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘယ်နေရာက ဘယ်သူတွေကို အရေးယူခဲ့သလည်းဆိုတာတော့ ထည့်သွင်းထုတ်ပြန်ခြင်းမရှိသလို NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမဲ့ လက်တလော ဆက်သွယ်လို့ မရသေးပါဘူး။

NU ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ PDF နဲ့ ပကဖတွေကို စည်းကမ်းသေဝပ်ပြီး ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တစ်ရပ် ဖြစ်လာစေဖို့ ရည်ရွယ်ကြောင်းနဲ့ လိုအပ်တဲ့ ထိန်းကြောင်းမှုတွေကို အဆင့်ဆင့်ဆောင်ရွက်နေသလို မျှတတဲ့တရားစီရင်မှုတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူတာတွေ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သခွတ္တောရွာက အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရွှေဘိုခရိုင်တပ်ရင်း (၂)က ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆယ်နှစ် ချမှတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။