ရေးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း တစ်ခုကို PDF တွေ တိုက်ခိုက်

RFA Burmese
2023.05.27
ရေးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း တစ်ခုကို PDF တွေ တိုက်ခိုက် ညီနောင် မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီး စစ်ကောင်စီတပ် အမှတ် ၅၈၃ ခြေမြန်တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့က ပစ်ခတ်တိုက်ခိုက်နေတာကို တွေ့ရစဉ်။
Ye Special Tasks Forces

မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခမရ   ၅၈၃ တပ်ရင်းကို ၁၀၇ မမ  ရှော့တိုက်ဒုံးတွေ၊  ဒရုန်း ဗုံးသီးတွေနဲ့  မေလ ၂၆ ရက်နေ့ညနေပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ  အမှတ်  ၅၈၃ ခြေမြန်တပ်ရင်း ကို ၁၀၇ မမ  ရှော့တိုက်ဒုံး နှစ်လုံး၊ ဒရုန်းဗုံး သီးတွေနဲ့  ညီနောင် မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Ye Special Tasks Forces - YSTF တာဝန်ရှိသူ စောသာစေးက RFA ကိုပြောပါတယ်။

" ဒီတပ်ရင်းထဲမှာ စစ်တပ်သတင်းပေးတွေ၊ ဒလန်တွေရှိတာကြောင့် သူတို့နောက်တန်းစခန်းဖြစ်တဲ့ ဒီတပ်ရင်းကို ပစ်ခတ်တာ၊ ထိုးစစ်ဆင်တိုက်ခိုက်တာ"

ရေးမြို့နယ် ကျောင်းရွာနဲ့ ကံလှ ရွာအနီး တစ်မိုင်လောက်မှာရှိတဲ့  အမှတ် ၅၈၃ ခြေမြန် တပ်ရင်းကို တိုက်ခိုက်ရာမှာ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရေးပြောက်ကျားတပ်ဖွဲ့ YGF ၊ Ye Defence Force - YDF ၊ Ye Special Tasks Forces - YSTF တပ်ဖွဲ့ စတဲ့အဖွဲ့တွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပစ်ခတ်ခဲ့တဲ့ရှော့တိုက်ဒုံးနှစ်လုံးမှာ တစ်ခုဟာ စစ်တပ်စခန်းကိုကျော်ပြီး လမ်းဘေးကျသွားခဲ့ပြီး တစ်လုံးကတော့ စစ်တပ်ထဲရှိ အဆောက်အအုံကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာ ရသူ ရှိမရှိကိုတော့ မသိရသေးဘူးလို့ စောသာစေးကပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုမှာ ညီနောင်မဟာမိတ်အဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့လည်း သူက ပြောပါတယ်။ ဒီလိုတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို မွန်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းခေါ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ရေးမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်တွေက မြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရုံးတွေကို ဝင်ရောက်ပစ်ခတ်တာ၊ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေရှိသလို စစ်ကောင်စီ ကားတန်းတွေကိုလည်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။