ပေါင်းတည်မြို့ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်ထားခွင့် ပယ်ချခံရ
2015.01.23
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ် ထားခွင့်တင်တာကို ပေါင်းတည်မြို့ အကျဉ်းဦးစီးဌာနက ပယ်ချလိုက်ပါတယ်။
ပေါင်းတည်မြို့ ပန်းခြံမြေနေရာဟာ အကျဉ်းဦးစီးဌာနက ပိုင်တဲ့မြေဖြစ်တာကြောင့် အကျဉ်းထောင်လုံခြုံရေးအတွက် ခွင့်ပြုမိန့်မပေးနိုင်ကြောင်း ပေါင်းတည်ထောင်မှူးက ငြင်းလိုက်တာဖြစ်တယ်လို့ ဗိုလ်ချုပ်ရာပြည့် ကျင်းပရေးကော်မတီ အတွင်းရေးမှူး ကိုမိုးလှိုင်က ပြောပါတယ်။
"ရန်ကုန်-ပြည်လမ်း လမ်းမပေါ်မှာရှိတဲ့ အကျဉ်းဦးစီးထောင်ရဲ့ဘေးမှာရှိတဲ့ ပန်းခြံမှာကျနော်တို့လုပ်ဖို့ ရပ်မိ ရပ်ဖတွေ လက်မှတ်ထိုးပြီးတော့ ဒီနေရာမှာလုပ်ခွင့်ပေးပါဆိုပြီး စာတင်တယ်ပေ့ါလေ၊ အဲ့နေရာက ထောင်မြေလို့ ကျနော်တို့သိရတယ်၊ ပန်းခြံကျတော့ စည်ပင်ကပိုင်တာပေါ့နော်၊ အဲတော့ ကျနော်တို့က စည်ပင်ရယ် အကျဉ်းဦးစီး ရယ် ကျနော်တို့တင်ထားတယ်လေ၊ သူတို့အဆင့်ဆင့်တင်တယ်လို့ ကျနော်တို့သိရတယ်၊ နေပြည်တော်က ပြန်ကျ လာတာ ဒီဟာကထောင်ရဲ့လုံခြုံရေးအရ လုပ်ခွင့်မပေးပိုင်ပါဘူးဆိုပြီးတော့မှ ပြန်ကြားတဲ့ဟာနဲ့ ဖော်ပြပြီးတော့ မှ ထောင်မှူးကလက်မှတ်ထိုးပြီး ငြင်းပယ်တဲ့စာပေ့ါလေ"
ဗိုလ်ချုပ်ကြေးရုပ်ထားမယ့်ပန်းခြံနဲ့ ပေါင်းတည်အကျဉ်းထောင်ဟာ မီတာ ၂ဝဝ လောက်ဝေးတယ်လို့ သိရပါတယ်။
အဲဒီပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ် ထားခွင့်မရတဲ့အတွက် ပေါင်းတည်မြို့လယ်မှာထားခွင့်ပေးဖို့ ခွင့်ပြုချက်ထပ်တင်သွားမယ်လို့ ဗိုလ်ချုပ်ရာပြည့်ကျင်းပရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။
ဗိုလ်ချုပ်ရာပြည့် အခမ်းအနားကျင်းပရေးကော်မတီကို ပေါင်းတည်မြို့နယ်မှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀ ကျော်ကအဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ရာပြည့်အထိမ်းအမှတ်ပွဲ အတွက် ကောက်ခံရရှိထားတဲ့ ရန်ပုံငွေတွေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုလုပ်မှာဖြစ်ပါတယ်။