ပေါက်မြို့ ကိုင်းလယ်ရဲစခန်းကို ဒေသခံ PDF တွေ စီးနင်းတိုက်ခိုက်၊ ရဲရှစ်ဦး သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းမှာရှိတဲ့ ကိုင်းလယ်ရဲစခန်းကို နိုဝင်ဘာလ ၂၃ ရက်နေ့ကနေ ၂၆ ရက်အထိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့ပြီး ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ရဲဘော်နှစ်ဦး သေဆုံးခဲ့တယ်လို့ ပေါက်မြို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၆ ရက် မနေ့မနက်ပိုင်းမှာတော့ အဲဒီရဲစခန်းကို သိမ်းဆည်းပြီး ဖျက်ဆီးနိုင် ခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပခုက္ကူခရိုင်တပ်ရင်း (၁၂) ဗိုလ်နားပေါက်အဖွဲ့ တာဝန်ခံက RFA ကို ဒီနေ့ပြောပါတယ်။
“ရဲဘက်က ရှစ်ဦးသေတယ်။ ကျနော်တို့ဘက်တော့ နှစ်ဦးကျတယ်။ ယောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကတစ်ဦးနဲ့ ပခုက္ကူခရိုင်တပ်ရင်း (၇) က တစ်ဦး ကျသွားတယ်။ စခန်းကို သိမ်းပြီးပြီးချင်း မီးရှို့နိုင်ခဲ့တယ် ”
အဲဒီစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ငါးဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ နာရီဝက်ကြာ လေကြောင်း ပစ်ကူပေးခဲ့တယ်လို့ ရေနံချောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ခံ ဗိုလ်စံရှားက RFA ကို ပြောပါတယ်။
ကိုင်းလယ်ရဲစခန်းကို အခုနှစ်ထဲမှာပဲ နှစ်ကြိမ်စီးနင်းခဲ့ပေမယ့် ထိခိုက်မှုတွေမရှိခဲ့ဘဲ အခုတစ်ကြိမ်မှာတော့ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ စီးနင်းနိုင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကျအဆုံးရှိခဲ့တာလို့ သူက ဆက်ပြောပါတယ်။
နိုဝင်ဘာလ ၂၇ ရက် ဒီကနေ့မနက်ပိုင်းမှာလည်း ရေနံချောင်းမြို့၊ တွင်းကုန်းရပ်ကွက်နဲ့ လက်မှတ်ကုန်း နယ်မြေကြားက လူမဲ့သပိတ်စာတန်းအနီး မိုင်းဖောက်ခွဲခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ ရေနံချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင် သေးသလို စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိ သေးပါဘူး။
ကိုင်းလယ်ရဲစခန်း စီးနင်းခံရမှုနဲ့ ရေနံချောင်းမြို့တွင်း မိုင်းဖောက်ခွဲခံရမှုကိစ္စနဲ့ပတ်သက်ပြီး အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။