ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာ မီးရှို့ခံရပြီး ဒေသခံ ၇၀၀ နီးပါး ထွက်ပြေး

2022.09.26
ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာ မီးရှို့ခံရပြီး ဒေသခံ ၇၀၀ နီးပါး ထွက်ပြေး မီးရှို့ခံရသည့် ပေါက်မြို့နယ်၊ ကြက်ဆူအိုင့်ရွာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ ရစဉ်။
Photo - We Love Myaing

မကွေးတိုင်း ပေါက်မြို့နယ်၊ ကြက်ဆူအိုင့်ရွာကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာလ ၂၆ ရက် ဒီနေ့မနက် ဝင်ရောက် မီးရှို့ခဲ့လို့ အရပ်သား ၇၀၀ နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြက်ဆူအိုင့်ရွာကို စစ်ကောင်စီတပ်သားတွေ စက်တင်ဘာ ၂၅ ရက် မနေ့ညက ဝင်ရောက် စီးနင်းခဲ့ပြီး ဒီကနေ့မနက်မှာတော့ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မီးခိုးကို မနက် ၈ နာရီလောက်က စမြင်ရတာ။ ဈေးဆိုင်တွေရော အရှို့ခံရတယ်လို့ ပြောတယ်။ ပြည်သူတစ်ယောက် သေတယ်။ စစ်သားတစ်ယောက်သေတယ်လို့ ကြားရ တယ်ဗျ။ ဖုန်းလိုင်းက သိပ်မရှင်းလို့ သေချာတော့ မသိရသေးဘူး၊ မြှုပ်ထားတယ်လို့ ပြောတယ်ဗျ။ ထမ်းစင်တွေရော တွေ့တယ်လို့ ပြောတယ်။ အခု ကြက်ဆူအိုင့်ကနေ ခွာသွားပြီလေ "

စစ်ကောင်စီတပ်ရဲ့ စီးနင်းမှုအတွင်း အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်မီးလောင်ဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မကွေးတိုင်းအတွင်း ကျေးရွာတွေ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ မကွေးတိုင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကြက်ဆူအိုင့်ရွာမှာ အိမ်ခြေ ၁၇၀ ဝန်းကျင်ရှိပြီး အရပ်သား ၇၀၀ နီးပါး နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၂၃ ရက်က စပြီး ဝင်ရောက်စီးနင်းမှုတွေ ဆက်တိုက်လုပ်နေတာပါ။

ဒါကြောင့် ရွာသစ်ကြီး၊ ဘောင့်ဘင်၊ သင်းမ၊ မှန်ရင်း၊ ယာကြီးပင်၊ မင်းသားကျ၊ ကျောက်ခွက်၊ ဆူးဝင်း၊ ကြက်ဆူအိုင့်၊ ဆုံကုန်း၊ တောင်စုံ စတဲ့ ကျေးရွာတွေက ဒေသခံ အရပ်သားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စက်တင်ဘာ ၅ ရက် က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် မကွေးတိုင်း အတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သား ၉၈,၁၀၀ ကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။