ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရခိုင်လွှတ်တော် တာဝန်ရှိသူတွေ တွေ့ဆုံ
2017.09.21

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က ရခိုင်ပြည်နယ်လွှတ်တော်က တာဝန်ရှိသူတွေနဲ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံပြီး မောင်တောဒေသ အကြမ်းဖက် မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေကို ကူညီဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ Patrick Murphy က အမေရိကန်နိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေကို ရှုတ်ချကြောင်းပြောခဲ့ပြီး အကြမ်းဖက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ကူညီထောက်ပံ့ဖို့နဲ့ နှစ်ဘက်လူ့အဖွဲ့အစည်းကြား တင်းမာမှုတွေလျှော့ချနိုင်ဖို့ စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစံကျော်လှ က ပြောပါတယ်။
"အကြမ်းဖက်သမားတွေကို သူတို့လုံးဝမထောက်ခံဘူး၊ အဲဒီလိုပဲ အကြမ်းဖက်သမားတွေကို ပြန်ပြီးချေမှုန်းရာမှာလည်း လူ့အခွင့်အရေးတွေ ချိုးဖောက်မှုတွေ မရှိစေချင်ဘူးပေါ့၊ သူတို့က ထောက်ပံ့ဖို့ အစီအစဉ်တွေရှိတယ်၊ လိုအပ်တာတွေကို အတတ်နိုင်ဆုံး အကူအညီပေးသွားဖို့ရှိတယ်ပေါ့၊ အခုလူ့အဖွဲ့ အစည်းနှစ်ခု ပြန်ပြီးတော့ သူတို့ဖြစ်စေချင်တာကတော့ ဟာမိုနီဖြစ်ဖို့ သူတို့ရဲ့ ဆန္ဒပေါ့လေ၊ ဒီကိစ္စတွေကို ဇောင်းပေးပြောတယ်၊ နောက်တစ်ခုက ဒီမှာအဲလို မတည်မငြိမ်ဖြစ်နေရင် အကြမ်းဖက်သမားတွေ ဝင်လာ မယ်၊ အဲခါကျရင် ပိုပြီးတော့ တိုင်းပြည်အနေနဲ့ အခက်အခဲတွေ တွေ့လာနိုင်တယ် အဲလိုသဘောမျိုးပဲ"
အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပါတီတွေ နဲ့လည်း နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကို ကူညီထောက်ပံ့ဖို့အတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ခရီးစဉ်အတွင်း စစ်တွေမြို့က မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အဲဒီဒေသမှာနေထိုင်တဲ့ ဌာနေ တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင် နှစ်သောင်း ခုနစ်ထောင်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
ဒါ့အပြင် မွတ်စလင် ၄ သိန်းဝန်းကျင်ဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြကြပါတယ်။