ဖိအားတွေကြောင့် ဒီမိုကရေစီ မယိမ်းယိုင်ဖို့လိုကြောင်း Patrick Murphy ပြော
2017.09.22

ဖိအားတွေကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းတွေ ယိမ်းယိုင်မသွားဖို့လိုတယ်လို့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က မနေ့က ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က အမေရိကန်အစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေအပေါ် နေ့စဉ်စိုးရိမ်ပူပန်မှုတွေရှိနေကြောင်း ပြောကြားခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကပြောပါတယ်။
"လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy က ပြောသွားတာကတော့ နေ့စဉ်ပဲ ဝါရှင်တန်မှာရှိတဲ့ အစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပွားသွားတဲ့ မောင်တောခရိုင်က ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်မှုတွေရှိတယ်။ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေး ချမ်းရေး၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ်မှာ ဖိအားတွေကြောင့် ယိမ်းယိုင်မသွားဖို့နဲ့ စိုးရိမ်ပူပန်မှုကို သူတို့ပြောပြတယ်။"
နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ များပြားလာတာကြောင့် နိုင်ငံတကာက စိတ်ဝင်စားမှု ကြီးမားလာတာဖြစ်ပြီး ရခိုင်တိုင်းရင်းသားတွေအပါအဝင် ရခိုင်မျိုးနွယ်စုတွေပါ ထွက်ပြေးတိမ်းရှောင်နေရမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အေးချမ်းတည်ငြိမ်ဖို့အတွက် ရခိုင်အမျိုးသားပါတီအနေနဲ့ ဘယ်လိုအကြံဉာဏ်ကောင်းတွေ ရှိနေ မလဲဆိုတာကို သိရှိလိုတာကြောင့် ရခိုင်ပြည်နယ်ကိုရောက်ရှိစဉ်မှာ ပါတီတာဝန်ရှိသူတွေကို လာရောက်တွေ့ဆုံ တာဖြစ်တယ်လို့လည်း အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က ပြောခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ မွတ်စလင်တွေထဲမှာ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေသာ အများဆုံးပါဝင်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ကြေညာထားတာကြောင့် အမျိုးသားတွေအနေနဲ့ ပြည်တွင်းမှာ ပုန်းခိုမှုတွေရှိနေနိုင်ပြီး အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပေါ်လာမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြောင်းကိုလည်း ရခိုင်အမျိုးသားပါတီဘက်က တင်ပြခဲ့တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက နှစ်ဖက်လူ့အဖွဲ့အစည်းအတွက် ကျန်းမာရေးနဲ့ စားဝတ်နေရေးကိစ္စရပ်တွေမှာ အသုံးပြုနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ကူညီမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာ ထားပါတယ်။